Cloud service ဟာ Startup တွေ၊ SME တွေ အတွက် Infrastructure တည်ဆောက်ဖို့ အမြန်ဆုံးနဲ့ အလွယ်ဆုံးပါ။ လက်ထဲမှာ ဘာမှမရှိပဲ Credit card တစ်ကဒ် ရှိတာနဲ့တင် စတင်လို့ရပါပြီ။ ဒါပေမဲ့ အစလွယ်သလောက် နောက်ပိုင်းမှာ တက်လာနိုင်တဲ့ ပြဿနာတွေကလည်း အများကြီးပါ။ အရင်ဆုံး ဖြစ်လေ့ရှိတဲ့ ပြဿနာတချို့နဲ့ ကုန်ကျစရိတ်နဲ့ ပက်သက်တာတွေကြည့်တာပေါ့။
Cloud ဟာ စစခြင်းမှာ ဘာမှမပေးရပေမဲ့ မီတာ ဆားဗစ်ဖြစ်တဲ့အတွက် သုံးရင် သုံးသလို တရိပ်ရိပ်တက်နေတာ ဖြစ်ပါတယ်။ နောက်တခါ ပါဝင်တဲ့ အရာတွေကလည်း စုံတဲ့အတွက် Dim sum စားရသလိုပါပဲ။ Dim sum ဆိုရင် ကြည့်လိုက်ရင် တစ်ပွဲ ဘယ်လောက်ပဲရှိတယ် ဆိုပီး တကယ်စားပီးအခါ ထင်ထားတာထက် ပိုကုန်တာမျိုးဖြစ်တတ်ပါတယ်။ ပေါက်ဆီလဲစား၊ အသားပေါင်းလေးလဲစားချင်၊ ဂဏန်းအသားကလဲ အရသာကမဆိုးဆိုသလိုမျိုး။ ပထမတော့ ECS လောက်ပဲ compute Instances လေး အနည်းငယ်နဲ့ စကြတာပဲ နောက်တော့ တဖြေးဖြေးနဲ့ Instances တွေကများ၊ Infra က ကြီးလာ၊ စုံလာပီး S3 buckets တွေ၊ DB တွေ၊ Load balancer တွေ စသဖြင့်များလာပါတယ်။ ဒါတွေကလဲ လိုအပ်လာတော့ သုံးရတာပေါ့။ ပြဿနာက စည်းကမ်းတကျ မသုံးပဲ အလွယ်တကူ ဖြစ်သလိုသုံးကြတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအရ သေချာမပြင်ဆင် တော့ပဲ Service အောက်ဝင်ရှာ၊ ၁၀ မိနစ်အတွင်း Go-Live ပုံစံနဲ့ လုပ်နေကြပါတယ်။
ဒါဟာ Cloud ရဲ့ အားသာချက်ပဲ၊ ဒါမျိုးသုံးဖို့ Cloud ကိုအသုံးပြုတာလို့ ပြောလို့ရပါတယ်။ ဒါလဲမှန်တာပဲ။ ဒါပေမဲ့ စည်းကမ်းတကျ မသုံးဘူး၊ သေသေချာချာ ချမှတ်ထားတဲ့ ညွှန်ကြားချက်မရှိရင်တော့ ဒီဇိုင်းပိုင်းမှာ ပြဿနာတက်လာနိုင်ပီးတော့ လစဉ်ကုန်ကျစရိတ်မှာလည်း မထင်မှတ်ထားလောက်အောင် ပေးချေရမှာ ဖြစ်ပါတယ်။ DC Infrastructure တစ်ခုကို တည်ဆောက်တဲ့နေရာမှာ ပုံမှန်အားဖြင့် Business လိုအပ်ချက်၊ Application လိုအပ်ချက်တွေအပေါ်မူတည်ပြီး Network သမားတွေ၊ Systems သမားတွေ၊ Security သမားတွေ အဓိက ပါဝင်လေ့ရှိပါတယ်။ Application သမားတွေက သူတို့ လိုအပ်ချက်တွေ Infra ဖက်ကို တောင်းရပါတယ်။ ခက်တာက သူတို့ လိုအပ်တဲ့ Resource တွေကို မြန်မြန်ဆန်ဆန်ရဖို့ Infra ဖက်က မလိုက်နိုင်တဲ့အတွက် အဲဒီအဖွဲ့တွေအကြား ပြဿနာ ဖြစ်လေ့ရှိကြပါတယ်။ ပြောရမယ်ဆိုရင် Business နဲ့ Application ဖက်ကကြည့်ရင် Infra team ဟာ သူတို့အတွက် Blocker ပါ။ Cloud လဲပေါ်လာရော Business ဖက်က အမြန်လိုတဲ့အတွက်၊ ကြိုက်တဲ့အတွက် တချို့ Application တွေကို Cloud ပေါ်တင်ပီး အသုံးပြုလာကြပါတယ်။ Infra က Sideline အဖြစ် ဘေးရောက်သွားပီး Business က သူတို့နဲ့ အဓိက တွဲလုပ်မဲ့ Application သမားတွေ၊ DevOps သမားတွေနဲ့ ပဲ အလုပ်လုပ်ကြပါတယ်။ လိုချင်တဲ့ Resource တွေကို မိနစ်ပိုင်းအတွင်းတည်ဆောက်၊ နာရီပိုင်းအတွင်း စတင်လည်ပတ်နိုင်အောင် အထိ လုပ်ဆောင်နိုင်လာကြပါတယ်။ ဘယ်လောက်တောင် ဖြစ်လာသလဲဆိုရင် Infra နဲ့ IT အဖွဲ့တွေဟာ အဲဒီ Application တွေ ရှိနေမှန်းတောင် မသိရတဲ့ အဖြစ်ရောက်သွားပါတယ်။ အရင်က VM လေးတစ်ခုရဖို့ Infra ကို တောင်းပန်ပြီး Resource တောင်းနေရတဲ့ Apps/DevOps သမားတွေဟာလည်း အလွယ်တကူ Instances တွေ တည်ဆောက်ပီး လိုလို မလိုလို အကုန်ခွဲသုံး လာကြပါတယ်။ ဥပမာ တခါတလေမှသာ အသုံးပြုမဲ့ Static Web Content တစ်ခုကို Web Server သီးသန့်နဲ့ ၂၄ နာရီ ဖွင့်ထားတာမျိုးပါ။
အခု အပေါ်က အကြောင်းအရာတွေရဲ့ အဓိကပြဿနာဟာ Cloud ခေတ်ကို ပြောင်းသွားတဲ့ အခိုက်အတန့် တစ်ခုမှာ Infra/IT ရဲ့ ထိန်းချုပ်နိုင်စွမ်း ကျသွားလို့ ဖြစ်ပါတယ်။ Governance မရှိတော့တာ ဖြစ်ပါတယ်။ Business ဖက်ကလည်း Budget အသုံးပြုမှုတွေမှာ Cloud အတွက် ကုန်ကျစရိတ်တွေကို IT ရဲ့ အသိအမှတ်ပြုမှုကို မယူတော့ပဲ သီးခြားခွဲထွက်လာတာကြောင့် Infra/IT က မသိနိုင်၊ မထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ ဒီပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ အဖွဲ့အစည်း အကြီးအသေးပေါ်မူတည်ပြီး ထိန်းချုပ်ရတဲ့ ပုံစံတွေ ကွာပါလိမ့်မယ်။ အဖွဲ့အစည်း အကြီးတွေဆိုရင်တော့ Cloud management ဟာ IT/ Infra အောက်မှာပဲ ထားသင့်ပါတယ်။ Cloud ကို အသုံးပြုခြင်းအားဖြင့် Infra ဖက်က Business/ Application တွေရဲ့ လိုအပ်ချက်ကို မြန်မြန်လုပ်ဆောင်ပေးနိုင်သလို၊ စနစ်တကျနဲ့ Roles တွေ ခွဲခြားထားပြီး ဘယ်သူ/ ဘယ်အဖွဲ့ကတော့ ဘာတွေတော့ လုပ်ဆောင်နိုင်မယ်၊ ဘာတွေဆိုရင်တော့ ခွင့်ပြုချက်မလိုဘူး၊ စသဖြင့် စီမံထားလို့ရပါတယ်။ အဖွဲ့အစည်းအသေးတွေမှာတော့ Boss/ IT manager ရဲ့ ခွင့်ပြုချက်ရမှ Instances တွေ ဝယ်ခွင့်ရှိမယ်ဆိုတာမျိုး၊ Dim sum ဆိုင် မဝင်ခင်ကတည်းက တစ်ယောက်ကို ၅ ပွဲ ကြိုက်တာစား၊ ထပ်လိုချင်ရင် ငါ့ကိုပြောပီးမှ ထပ်မှာဆိုတာမျိုး လုပ်ထားရပါမယ်။
ဘယ် Cloud service သုံးသုံး Identity and Access Management နဲ့ Roles တွေကို ခွဲခြားသုံးဖို့အတွက် ဖန်တီးပေးထားပီးသားပါ။ အသုံးပြုတဲ့ သူဖက်ကသာ အဲဒီ Roles တွေကို သေချာလေ့လာပီး လိုအပ်တဲ့ Role ထက် ပိုမပေးဖို့၊ သက်ဆိုင်တဲ့ Roles နဲ့ permission တွေကိုသာ ပေးထားဖို့ လိုပါတယ်။ ဒါမှသာ မထင်မှတ်ထားတဲ့ ပြဿနာတွေ၊ အပို ကုန်ကျစရိတ်တွေကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ ဒီအောက်မှာ AWS နဲ့ Alibaba Cloud ရဲ့ IAM/RAM policies တွေကို နမူနာ ကြည့်နိုင်ပါတယ်။