ကလေးကို စာဘယ်လိုသင်ပေးမလဲ ဒီမှာလေ့လာပါ

တကယ်တော့ ကလေးဆိုတာ မိခင်ဝမ်းဗိုက်ထဲမှ ထွက်လာပြီးကတည်းကလောကကြီး ထဲမှာဆက်လက်အသက်ရှင်နေထိုင်နိုင်ရန် သင်ယူရရှိမှုတွေအများကြီးကို စတင်ခံယူနေရသူများဖြစ်ပါတယ်။

အချို့သောကိစ္စရပ်များအတွက် သင်ယူရမှုတွေက အရွယ်နဲ့မလိုက်သေးရင်းသင်ပေးဖို့မသင့် တာတော့ မှန်ပါတယ်။ ကလေးတွေကို ဘယ်အရွယ်မှာ ကျောင်းစာတွေ၊ ပညာတွေစပြီးသင်ရမယ်လို့ တိတိကျကျသတ်မှတ်ထားတာတော့ မတွေ့ဖူးပါ။

မူကြိုအရွယ်ကလေးတွေကို ပညာရေးဆိုတဲ့ခေါင်းစဉ်တပ်ပြီး သင်ပေးတာမျိုးမလုပ်သင့်သော်လည်း အနည်းအကျဉ်းတော့ သင်ပေးလို့ရနေပါပြီ။ ဥပမာ-ကိန်းဂဏန်းနံပါတ်များ ၁၊ ၂၊ ၃ စသည်တို့ကို သင်လို့ရပါပြီ။ ဗျည်းအချို့ က၊ ခ (သို့မဟုတ်) A,B,C စတဲ့ စာလုံးလေးတွေ တစ်လုံးစနှစ်လုံးစကလေးရဲ့ဦးနှောက်နှင့် တန်ရုံသင်ပေးလို့ရပါပြီ။ အချို့မိဘအုပ်ထိန်းသူတွေက ၃၊ ၄နှစ်အရွယ်မိမိကလေးကို စာတွေသင်ပေးတာမကြိုက်သော်လည်း လွယ်ကူရိုးရှင်းသော တစ်လုံး စနှစ်လုံး စကိုတော့သင်ပေးနိုင်ပါတယ်။ တစ်ခုရှိတာက ကလေးဦးနှောက်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ၊ စိတ်ဖိစီးမှုမရစေဘဲအပျော်သဘောမျိုး အော်ဟစ်သီဆိုတဲ့သဘောမျိုးနဲ့ သင်ပေးနိုင်ပါတယ်။ မူကြို အရွယ်ကလေးကိုပထမတန်းမှာသင်တဲ့စာတွေမျိုးတော့ သင်မပေးရပါဘူး။

ဒီအရွယ်ကလေးတွေကို အကောင်းဆုံး လေ့လာသင်ယူမှုဖြစ်စေတဲ့နည်းလမ်းကတော့လှုပ်ရှား မှုတွေ၊ ကလေးတွေကိုယ်တိုင် စိတ်ဝင်တစားနဲ့ ပါဝင်ဆောင်ရွက်သောအပြုအမူတွေမှတစ်ဆင့်သင်ပေးခြင်းပဲဖြစ်ပါတယ်။ နမူနာအားဖြင့်ပြောရရင် သီချင်းဆိုတာကို သူတို့နှစ်သက်ကြတယ်။ကိုယ်သင်ပေးချင်တဲ့ ဆုံးမနီတိစကားတွေကို သီချင်းပုံသဏ္ဍာန်၊ ကဗျာပုံသဏ္ဍာန်နဲ့ ရွတ်ဆိုခိုင်းပြီးသင်ပေးရင်တတ်လွယ်တယ်။ “လူမိုက်ဆိုရင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ကင်းအောင်နေ”လို့ သံပေါက်လေးတွေက ရွတ်ဆိုလို့လည်း ကောင်းတယ်။ အကြောင်းအရာကလည်း ဆုံးမစကားဖြစ်တယ်။ အဲဒီလို ကဗျာမျိုး၊သီချင်းမျိုးကို မူကြိုကလေးများအား သင်ပေးနိုင်ပါတယ်။ ထိုနည်းတူပုံပြောတဲ့အချိန်မှာလည်း ကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်ကို ပုံပြင်ထဲကဇာတ်ကောင်မှ တစ်ဆင့်ပေးလို့ရတယ်။ကလေးက ပုံပြင်နားထောင်ရင် ပုံပြင်ထဲက ဇာတ်ကောင် တိရစ္ဆာန်လေးပြောတဲ့စကားကို စိတ်ဝင်စားပြီးမှတ်မိသွားစေနိုင်တယ်။ ကလေးတွေကို ဘုရင်ကြီးလုပ်တမ်း၊ ပညာရှိကြီးလုပ်တမ်းကစားခိုင်းပြီးဆိုဆုံးမစကားတွေမိန့်ကြားတာကို ကစားခိုင်းခြင်းအားဖြင့် အဲဒီအကြောင်းအရာတွေကို သူတို့စိတ်ထဲမှာ စွဲမြဲသွားစေနိုင်တယ်။

တကယ်တော့ မူကြိုကျောင်းဆိုတာ အကယ်ဒမစ်ပညာရေးအောင်မြင်မှုတွေရအောင်လုပ်ပေး တာ မဟုတ်ပါဘူး။ အတန်းတွေအောင်ဖို့ စာမေးပွဲအောင်ဖို့ သင်ပေးတာမျိုးမဟုတ်ရပါဘူး။မူကြိုကလေးများအတွက် စာမေးပွဲဆိုတာလည်း မရှိရပါဘူး။ သူတို့ဆိုချင်ဆိုမယ်။ မေ့ချင်မေ့မယ်၊မှတ်မိချင်မှတ်မိမယ်။ သူ့အတိုင်းပဲထားလိုက်ပါ။ ငါ့ကလေးမတတ်ရကောင်းလား၊ မမှတ်မိရကောင်းလားဆိုပြီး ကလေးအပေါ်မှာစိတ်ဆိုးတာမျိုး၊ အားမလိုအားမရဖြစ်ပြီး ဆူပူငေါက်ငမ်းတာမျိုးမလုပ်ရပါဘူး။ ဒီအရွယ်ကလေးတွေဟာ စူးစမ်းရှာဖွေချင်တယ်။ သူတို့ပတ်ဝန်းကျင်မှာမြင်တွေ့နေရသောအသစ်အဆန်းတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေမေးချင်ကြတယ်။ သူတို့မေးတာတွေကို အဆင်ပြေ အောင်သူတို့ခေါင်းနဲ့သင့်တော်ရုံ အဖြေပေးနိုင်ရင်တော်ပါပြီ။

မူကြိုအရွယ် ကလေးများအတွက် သူတို့ကိုယ်သူတို့ ယုံကြည်မှုရရှိလာမယ်။လွတ်လွတ် လပ်လပ် အမှီအခိုကင်းကင်းနဲ့ သင်ယူလေ့လာမှတ်သားမှုတွေ လုပ်လာနိုင်မယ်ဆိုရင်တော်ပါပြီ။

မူကြိုကျောင်းတွေမှာ အရည်အသွေးပြည့်ဝသောကလေးအတွက် ရည်ရွယ်သည့်ပညာရေးကိုသင်ပေးနိုင်ပါတယ်။ သူတို့ဘာသာသူတို့ ထိုးထွင်းသိမြင်နိုင်စွမ်း Cognitive ဉာဏ်ကိုမြှင့်တင်ပေးနိုင်အောင် သင်ပေးနိုင်ပါတယ်။ အပြုအမူပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကိုကလေးများဟာ အိမ်မှာသင်ပေးလို့ရချင်မှရတာဖြစ်ပါတယ်။ မူကြိုကျောင်းမှာသာ ရွယ်တူကစား ဖော်များနှင့်အတူပျော်ပျော်ပါးပါး ပါဝင်လှုပ်ရှားဆင်နွှဲရင် လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုတွေရရှိနိုင်မှာဖြစ်တယ်။ မူကြိုကျောင်းဆရာဆရာမများက မူကြိုပညာရေးကောင်းကောင်းနှင့် ထိတွေ့ခဲ့ရသောကလေးများသည် ဘာသာစကားဆိုင်ရာကျွမ်းကျင်မှု၊ သူတစ်ပါးပြောတာ အာရုံစူးစိုက်ပြီးနားထောင်တတ်မှု (Listening Comprehension)၊ အာရုံစူးစိုက်မှုဆိုင်ရာကျွမ်းကျင်မှုတွေရရှိနိုင်ကြောင်းတွေ့ရှိထားပြီးဖြစ်ပါတယ်။

ဒီထက်ပိုပြီးကောင်းတဲ့ အကျိုးကျေးဇူးကတော့ မူကြိုကျောင်းမှာတက်လိုက်ရတဲ့ကလေး များဟာ ပညာသင်ယူခြင်းတည်းဟူသော လုပ်ငန်းကို အပေါင်းလက္ခဏာဆန်သောအမြင်၊ကောင်း သောအမြင် (Positive Attitude) ထားရှိလာတတ်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

December 23, 2023
© Copyright 2022 | Developed By Impulse International.