နိုင်ငံခြားသွားပြီးအလုပ်လုပ်လျှင် ကြုံတွေ့ရမည့်အခက်အခဲနှင့်အတွေ့အကြုံများ

နိုင်ငံရပ်ခြားကိုသွားပြီးအလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ကျောင်းတက်ရတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့မိဘအသိုင်းအဝန်း၊ ကိုယ့်လူမျိုးအသိုင်းအဝန်းကနေ ခွဲခွာရတာပါပဲ။ အဲဒီ့အခါမှာအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အဓိကကြုံလာရမယ့်အခက်အခဲတွေကိုပြောပြပေးချင်ပါတယ်။ အဲဒီမှာမထင်ထားတဲ့ပြဿနာတွေလည်း ကြုံလာ နိုင်တာမို့ ခန့်မှန်းနိုင်တဲ့ပြဿနာမျိုးတွေကျတော့ ကြိုတင်ပြင်ဆင်ထားနိုင်အောင် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁) ဘာသာစကားကျွမ်းကျင်မှု

နိုင်ငံရပ်ခြားရောက်ပြီဆိုမှတော့ မိခင်ဘာသာစကားနဲ့တင်အလုပ်မဖြစ်နိုင်တော့ပါဘူး။ အခြားဘာသာစကားကိုပါ သေချာကျွမ်းကျင်ထားဖို့လိုပါတယ်။ အဲလိုမှမဟုတ်ရင် ဟိုမှတစ်ယောက်တည်း ရပ်တည်ရတဲ့ကိုယ့်အတွက် အရာရာအခက်အခဲဖြစ်နေမှာပါ။

ကိုယ့်မှာကိုယ်လုပ်ချင်တာ၊ ပြောချင်တာကို လိမ့်ပတ်လည်အောင်မပြောတတ်၊ မဆိုတတ်၊ ကိုယ့်အစားပြော ပေးမယ့်သူကလည်းမရှိနဲ့ အင်မတန် ပြဿနာများရပါလိမ့်မယ်။ အဲဒါကြောင်းဘာသာစကားက အဓိကလိုအပ် ပါတယ်။

ကိုယ်ကသူတို့ပြောတဲ့ ဘာသာစကားတတ်တယ်ပဲထားအုန်း သူတို့ရဲ့ လေယူလေသိမ်းတွေနဲ့ မရင်းနှီးတော့ ဘာပြောလို့ပြောနေမှန်းကို မသိအောင်ဖြစ်နိုင်ပါတယ်။ စင်ကာပူရောက်ဖူးတဲ့ မိတ်ဆွေတွေပြောတာကတော့ ထိုနိုင်ငံမှာ အင်္ဂလိပ်ပြောတယ်ဆိုသော်ငြားလည်း တရုတ်သံ မလေးရှားအသံတွေ ပါဝင်တာကြောင့် ရောက်ရောက်ချင်းဆို ဘာတွေပြောနေမှန်းမသိရအောင် အခက်အခဲတွေကြုံရတယ်ဆိုတာမျိုး ကြားဖူးပါတယ်။

၂) အစားအသောက်

နောက်ထပ်လိုအပ်မှာကအစားအစာကကိုယ့်နိုင်ငံကအစားအသောက်နဲ့ သူများနိုင်ငံကအစားအသောက်ကြားက ကွာဟချက်ပါပဲ။ ကိုယ့်မှာမွေးကတည်းက စားလာခဲ့တဲ့အစားအစာကို တမ်းတနေတတ်ပြီး သူစိမ်းတိုင်းပြည်က အစားအစာကိုလည်းမစားလို့မဖြစ် စားရမှာပါ။

အဲဒါကကိုယ့်အတွက် ကသိကအောက်ဖြစ်စေမှာမို့ ကိုယ်တိုင် ချက်တတ်၊ ပြုတ်တတ်အောင် မိမိနိုင်ငံမှာကတည်း က သင်ယူသွားတာကပိုကောင်းပါတယ်။ နောက်ဆုံး လုံးဝအပြင်စာမစားတတ်ရင်တောင် ကိုယ့်ဟာ ကိုယ်ချက် ပြုတ်စားသောက်နိုင်တော့ ဘာပဲဖြစ်ဖြစ် တပန်းသာပါတယ်။

အလည်အပါတ်သွားတဲ့ သူတွေဆိုရင်လည်း စားစရာတွေ အနည်းငယ်တော့ပြင်ဆင်သွားပါ။ လူဝင်မှုကြီးကြပ် ရေးကလက်ခံတဲ့ အစားအစာများတော့ဖြစ်ပါစေ။ မဟုတ်ရင် လွှင့်ပစ်လိုက်ရတာနဲ့တင် နှမြောစရာကြီး ဖြစ်ကုန် မှာပါ။

ကြာရှည်နေမယ့်သူတွေဆိုလည်း ချက်ပြုတ်တတ်တော့ ကိုယ့်ဘာသာလုပ်စားလို့ရသလို သူငယ်ချင်း မိတ်ဆွေ တွေကိုပါ ကျွေးမွေးနိုင်တဲ့ အတွက် အသိုင်းအဝိုင်းထဲမှ တကယ့်ကို အရေးပါတဲ့ သူအထိတောင် ဖြစ်လာနိုင်ပါတယ်။ ဟင်းချက်တတ်တဲ့သူက ဆရာကြီးပေါ့ဗျာ။

၃) ဓလေ့ထုံးစံယဉ်ကျေးမှု

ကွာခြားတဲ့ ဓလေ့ထုံးစတွေကို သတိထားပါ။ ကိုယ့်နိုင်ငံမှာ ယဉ်ကျေးတဲ့ အပြုအမူ ဖြစ်သော်ငြား အခြားနိုင်ငံမှာ ရိုင်းစိုင်းတဲ့ အပြုအမူ ဖြစ်နေနိုင်တဲ့အတွက် ကြိုတင်လေ့လာသွားဖို့ လိုပါတယ်။

အခြားနိုင်ငံရောက်ရင်လည်း ဒေသခံတွေနဲ့ မိတ်ဖွဲ့ပါ။ သူတို့ဆီကသင်ယူပါ။ လေ့လာပါ။ အံ့ဝင်ခွင်ကျအောင် နေထိုင်ပါ။ ရောမရောက်ရင် ရောမလိုကျင့် ဆိုရိုးစကားလည်ရှိသေးတယ်မဟုတ်လား။

၄) ခွဲခြားဆက်ဆံခံရခြင်း

နိုင်ငံရပ်ခြားမှာ ကိုယ်ကမိသားစုနဲ့ခွဲပြီး သူစိမ်းတွေကြားထဲမှာ နေရမှာမို့ အားငယ်နေမှာဖြစ်သလို အချို့အချို့သော လူမျိုးစွဲ၊ ဘာသာစွဲများရဲ့ ကိုယ့်ကိုမတူသလိုမတန်သလို ဆက်ဆံတာမျိုးကိုလည်း ခံရနိုင်ပါတယ်။ (အကုန်လုံးကိုမဆိုလိုပေမယ့် ဖြစ်နိုင်တာကိုပြောပြတာပါ) ။ အဲဒါကြောင့် ဒီနိုင်ငံမှာထက် စိတ်ဓာတ်ပိုတက်ကြွ အောင်နေတတ်ဖို့လိုသလို၊ အရာရာတိုင်းကို လိုက်ခံစားနေတာမျိုးလည်း လျှော့သင့်ပါတယ်။

ထိုကဲ့သို့ နှိမ်ချဆက်ဆံခံရတဲ့အခါ ဘယ်မှာတိုင်ကြားလို့ရမလဲ။ ဘယ်လိုကာကွယ်လို့ရမလဲဆိုတာမျိုးကို ကြိုတင် သိထားသင့်ပါတယ်။ ထိုကဲ့သို့ ကြုံနေရတဲ့ မိတ်ဆွေတွေကိုလည်း ကူညီပါ။ ဖေးမပါ။ ဆွေမျိုးသားချင်းတွေ ဝေးနေတဲ့ နိုင်ငံခြားကြီးမှာ တစ်နိုင်ငံတည်းကလာတဲ့ ညီအစ်ကိုမောင်နှမတွေကို သိသူတတ်သူတွေက လက်တွဲ ခေါ်ယူဖို့လည်း တိုက်တွန်းချင်ပါတယ်။

၅) စိတ်ဓာတ်ကျလွယ်ခြင်း

ကိုယ်တစ်ယောက်တည်းရပ်တည်ရတဲ့အခါ အလိုလိုအားငယ်နေတာမျိုးဖြစ်တတ်ရတဲ့အထဲ တစ်ခုခုနဲ့ ပတ်သက် လာရင် ရင်ဖွင့်ချင်တာတောင် ရင်ဖွင့်စရာလူမရှိတာမျိုး၊ မြိုသိပ်ထားရတာမျိုး၊ အရာရာတိုင်းက အစိမ်းသက်သက် ဖြစ်နေသလိုခံစားနေရတာတွေကြောင့် စိတ်ဓာတ်ကျလွယ်တာကိုရင်ဆိုင်ရနိုင်ပါတယ်။ အဲဒါကြောင့် အရာရာကို အကောင်းဆုံးရင်ဆိုင်မယ်ဆိုတဲ့စိတ်မျိုးနဲ့ စိတ်ဓာတ်ကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၆) အရာရာတိုင်းကိုယ်တိုင်ပြုလုပ်ရခြင်း

ဘယ်သူနဲ့မှမသိတဲ့နေရာစိမ်းတစ်ခုမှာ ဘယ်ကိစ္စမဆို ကိုယ်တိုင်လုပ်မှရမှာပါ။ အမေ့အိမ်မှာလို အမေက အရာရာ လိုက်သိမ်း၊ လိုက်ကူညီ၊ ကျောင်းသွားခါနီးမှ အိတ်လေးဆွဲပြီး ထွက်သွားလို့ရတဲ့အခြေအနေမျိုး မဖြစ်နိုင် တော့ပါဘူးနော်။ အဲဒါကြောင့် ဖြစ်လာနိုင်တဲ့အသေးစိတ်ကိစ္စလေးတွေကအစ ကိုယ်တိုင်ပြုလုပ်တတ်အောင် သင်ယူထားတာအကောင်းဆုံးပါပဲ။ အမှိုက်ပစ်တာကအစ၊ ထမင်းတည်တာကအဆုံး၊ ဟင်းချက်တာကအဆုံးပေါ့။

အထက်က ဖော်ပြထားတာလေးတွေကတော့ အကြမ်းဖျင်းဖြစ်လာနိုင်တာလေးတွေပါ။ နောက်ထပ်လည်း အခက်အခဲတွေက အများကြီးကြုံလာရနိုင်ပါသေးတယ်။ တစ်ယောက်ချင်းစီရဲ့အတွေ့အကြုံအလိုက်၊ အမျိုးမျိုး ကွဲပြားတဲ့ အခက်အခဲတွေ ကြုံလာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးရင်ဆိုင်ဖို့ အားတင်းထားစေချင်တဲ့ စိတ်လေးနဲ့ ဒီဆောင်းပါးလေးကိုမျှဝေလိုက်ရပါတယ်။

December 4, 2023
© Copyright 2022 | Developed By Impulse International.