နိုင်ငံတကာကျောင်းမှ အစိုးရကျောင်းသို့ ပြောင်းရွှေ့သင်ကြားလိုသူများ Placement Test ဖြေရမည်

နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားနေသော နိုင်ငံတကာကျောင်းများနှင့် ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများနှင့် ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားလိုသူများအတွက် Placement Test ဖြေဆိုရန် လိုအပ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါသည်။

Placement Test ဖြေဆိုရန် လျှောက်ထားသူသည် ဖြေဆိုခွင့်လျှောက်လွှာများကို မိမိတို့နေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ ပညာရေးမှူးရုံးများတွင် လာမည့် ဧပြီလ (၁) ရက်နေ့မှ စ၍ အခမဲ့ထုတ်ယူပြီး ဧပြီလ (၁၁) ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်တင်သွင်းလျှောက်ထားရပါမည်။

လျှောက်ထားသူသည် မိမိတက်ရောက်ခဲ့သည့်ကျောင်းမှ နောက်ဆုံးဖြေဆိုအောင်မြင်ပြီးခဲ့သည့် Level အတွက် ကျောင်းထောက်ခံချက်မူရင်း (သို့) အောင်လက်မှတ်မူရင်း ပူးတွဲတင်ပြနိုင်ရပါမည်။ ထို့ပြင် မွေးသက္ကရာဇ်အတွက် မွေးစာရင်း (သို့) အသက်အတွက် ထောက်ခံချက်မူရင်းပြ၍ မိတ္တူကို ပူးတွဲတင်ပြရမည်။

Placement Test ဖြေဆိုရာတွင် တက်ရောက်သင်ကြားလိုသောအတန်း၏ တစ်ဆင့်နိမ့်အတန်း စာမေးပွဲကို ဖြေဆိုရပါမည်။ ဖြေဆိုသူသည် ဖြေဆိုလိုသောအတန်းနှင့် ကျောင်းမွေးသက္ကရာဇ် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ အတန်းအလိုက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များကို ဖြေဆိုရပါမည်။

Placement Test စာမေးပွဲကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ ခရိုင်ရုံးစိုက်ရာ မြို့များတွင် (၆.၅.၂၀၂၄) ရက်နေ့မှ (၁၃.၅.၂၀၂၄) နေ့အတွင်း ဖြေဆိုရမှာဖြစ်ပြီး ဖြေဆိုရမည့်အစီအစဉ်နှင့် အသေးစိတ်အချက်အလက်များကို လျှောက်လွှာထုတ်ယူတင်သွင်းခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

April 7, 2024
© Copyright 2022 | Developed By Impulse International.