ပညာသင်စရိတ်အတွက် ချေးငွေလျှောက်ထားခြင်း

တစ်ခါတစ်လေ ကိုယ်တက်ချင်တဲ့ကျောင်းရှိတယ်။ ဒီကျောင်းကနေပြီး ပညာတွေအများ ကြီး ပြန်ရနိုင်တယ်၊ အလုပ်ကောင်းတွေ ရနိုင်တယ်ဆိုတာ သိတယ်။ ကျောင်းဝင်ခွင့်လည်းရပြီးပြီ။ ဒါပေမယ့် လောလောဆယ် လက်ထဲမှာ ကျောင်းလခအတွက် ငွေအလုံအလောက်မရှိသေးလို့ လက်လွတ်လိုက်ရတာမျိုး ရှိတတ်ပါတယ်။

အခုတော့ ဒီအရာတွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ပညာသင်စရိတ်အတွက် ချေးငွေတွေ လျှောက်ထားပြီး ကိုယ့်ပညာရေးကို တိုးတက်အောင်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေအများကြီး ရှိနေပါပြီ။

ပညာသင်စရိတ်အတွက် ချေးငွေဆိုတာဘာလဲ။

ပညာသင်စရိတ်အတွက်ချေးငွေဆိုတာ ဘဏ်နဲ့ ချေးငွေကုမ္ပဏီများက ကိုယ့်အစား ကျောင်းကို ကျောင်းလခအပြည့် သွင်းထားပေးပြီး နောက်မှ ကိုယ်က အဲဒီ ချေးပေးခဲ့တဲ့ကုမ္ပဏီကို အတိုးနဲ့ ပြန်ဆပ်ရတာမျိုးပါ။ များသောအားဖြင့် သတ်မှတ်ထားတဲ့အချိန်အတွင်း တစ်လချင်းစီ အရစ်ကျ ပြန်ဆပ်ရမှာဖြစ်လို့ သက်သာလွယ်ကူစေပါတယ်။ ဒါပေမယ့် ကိုယ့်မှာ လစဉ် ဝင်ငွေရှိဖို့တော့ လိုပါမယ်။

အချို့ဘဏ်တွေ၊ ငွေချေးကုမ္ပဏီတွေက ပညာသင်စရိတ်ချေးငွေဆိုပြီး သတ်သတ်မှတ်မှတ် ထုတ်ချေးပေးတာမျိုး ပြုလုပ်ပါတယ်။ ဒါပေမယ့် တချို့ဘဏ်တွေ၊ ချေးငွေကုမ္ပဏီတွေက ပညာသင်စရိတ်ချေးငွေရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘဲ ကိုယ်ရေးကိုယ်တာချေးငွေကို အာမခံ ပစ္စည်းထားပြီး ပညာသင်စရိတ်အတွက် ချေးယူအသုံးပြုလို့ ရတာမျိုးလည်း ရှိပါတယ်။

ပညာသင်စရိတ်ချေးငွေ ဘာလို့ လျှောက်ထားသင့်တာလဲ။

ကိုယ်က ဒီကျောင်းကိုကြိုက်တယ်။ တက်ချင်တယ်။ ဒါပေမယ့် ကိုယ့်လက်ထဲမှာလည်း ကျောင်း လခ တစ်နှစ်လုံးစာအတွက် ငွေအလုံအလောက် တစ်လုံးတစ်စုတည်း မရှိဘူး။ ဒီလို အခြေအနေ မျိုးဆိုရင်တော့ ပညာသင်စရိတ်ချေးငွေကို လျှောက်ထားသင့်ပါတယ်။

ဘယ်လိုလျှောက်ထားရမှာလဲ။

အရင်ဆုံး ဘယ်ကျောင်းတက်ချင်လဲဆိုတာ ရွေးရပါမယ်။ ကျောင်းရွေးပြီးပြီဆိုရင် ကိုယ်ရွေး လိုက်တဲ့ ကျောင်းမှာ ပညာသင်စရိတ်ချေးငွေလျှောက်လို့ ရ/မရ ကြည့်ရပါမယ်။ ပညာသင် စရိတ်ချေးငွေ လျှောက်ထားနိုင်တဲ့ကျောင်းတစ်ချို့ကို အောက်မှာ စာရင်းပြုစုပေးထားပါ တယ်။ မြန်မာနိုင်ငံမှာ ပညာသင်စရိတ်ချေးငွေ ထုတ်ပေးတာမျိုးက မကြာသေးတဲ့အတွက် ကျောင်းတိုင်း မှာတော့ ချေးငွေရနိုင်မှာ မဟုတ်သေးပါဘူး။

ကိုယ်ရွေးလိုက်တဲ့ ကျောင်းမှာ ချေးငွေလျှောက်ထားနိုင်တယ်ဆိုရင်တော့ ကိုယ်တက်မယ့် အတန်း၊ ကိုယ်လိုအပ်တဲ့ငွေပမာဏ အစရှိတဲ့ လျှောက်လွှာအပြည့်အစုံကို ဖြည့်ပြီး ကိုယ့်ကို အာမခံပေးမယ့်သူတစ်ဦး (တစ်ချို့ကုမ္ပဏီတွေက နှစ်ဦးလိုအပ်ပါတယ်။) နဲ့ ကျောင်းကနေ တစ်ဆင့်ဖြစ်ဖြစ်၊ ချေးငွေထုတ်ပေးမယ့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီကို တိုက်ရိုက်ဖြစ်ဖြစ် လျှောက်ထားနိုင်ပါတယ်r။ အာမခံပေးမယ့်သူက ကိုယ့်ရဲ့ မိဘ၊ ညီအစ်ကို၊ လုပ်ဖော် ကိုင်ဖက် ဖြစ်ဖို့လိုပါသေးတယ်။ အဲဒီအဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီကနေ ချေးငွေထုတ်ခွင့် ပြု/မပြုဆိုတာ ကို ၂ ရက်ကနေ ၇ ရက်အတွင်း အကြောင်းပြန်ပေးလေ့ရှိပါတယ်။

အချို့ဘဏ်နဲ့ ငွေချေးကုမ္ပဏီတွေက သူတို့နဲ့  ချိတ်ဆက်ထားတဲ့ ကျောင်းမှသာ ပညာသင်စရိတ် ချေးငွေထုတ်ပေးတတ်သလို မည်သည့်ကျောင်းမဆို ကျောင်းမှထောက်ခံချက်ရတယ်ဆိုရင် ထုတ်ချေးပေးတာမျိုးလည်း ရှိတာကြောင့် ကိုယ်တက်ချင်တဲ့ကျောင်းမှာလည်း ကိုယ်တိုင် မေးမြန်းစုံစမ်းကြည့်ပါ။

ပညာသင်စရိတ်ချေးငွေလျှောက်ဖို့ ဘာတွေလိုအပ်လေ့ရှိသလဲ။

လျှောက်ထားမယ့်သူဘက်မှ လိုအပ်ချက်များ

လျှောက်လွှာ အပြည့်အစုံ

မှတ်ပုံတင်မိတ္တူ

ရပ်ကွက်ထောက်ခံစာမူရင်း

ရဲစခန်းထောက်ခံစာမူရင်း

အိမ်ထောင်စုစာရင်းမိတ္တူ

ဘွဲ့လက်မှတ်မိတ္တူ (ဘွဲ့ရပြီးပါက)

ဝန်ထမ်းဖြစ်ပါက ရာထူး၊ ဌာန၊ လစာထောက်ခံစာ

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက လုပ်ငန်းလိုင်စင်မိတ္တူ

ပြီးခဲ့တဲ့ ၃လအတွင်း ဘဏ်စာရင်းရှင်းတမ်း

အာမခံပေးမည့်သူဘက်မှ လိုအပ်ချက်များ

မှတ်ပုံတင်မိတ္တူ

ရပ်ကွက်ထောက်ခံစာမူရင်း

ရဲစခန်းထောက်ခံစာမူရင်း

အိမ်ထောင်စုစာရင်းမိတ္တူ

ဝင်ငွေအထောက်အထားစာရင်း

လိုအပ်ချက်တွေက အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု ကွဲပြားနိုင်ပါတယ်။

အများဆုံး ဘယ်လောက်အထိ လျှောက်လို့ရလဲ။

အဖွဲ့အစည်းအပေါ် မူတည်ပြီး အများဆုံး လျှောက်ထားနိုင်တဲ့ပမာဏ ကွာခြားချက်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကိုယ်တက်မယ့် အတန်းအတွက် လိုအပ်တဲ့ ပမာဏအထိပဲ ချေးပေးလေ့ရှိပါတယ်။ ချေးငွေကိုလည်း လျှောက်ထားသူကို မပေးဘဲနဲ့ ကျောင်းကို တိုက်ရိုက်သွင်းပေးလေ့ရှိပါတယ်။

အတိုးနှုန်းနဲ့ ဝန်ဆောင်ခများ

အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု သတ်မှတ်ထားတဲ့အတိုးနှုန်းတွေ ကွာခြားတတ်ပါတယ်။ တစ်ချို့အဖွဲ့ အစည်းတွေက အတိုးအပြင် နောက်ကျကြေးနဲ့ ဝန်ဆောင်ခဆိုပြီး ထပ်မံကောက်ခံတာမျိုးလည်း ရှိပါတယ်။

ပြန်လည်ပေးဆပ်ခြင်း

ကိုယ်ချေးလိုက်တဲ့ ငွေပမာဏကို တစ်လချင်း အရစ်ကျဆပ်ရမှာဖြစ်ပြီး တစ်လချင်း ပေးဆပ်ရမယ့်နောက်ဆုံးရက်ကို သတ်မှတ်ထားပါတယ်။ ဒီသတ်မှတ်ရက်ကို ကျော်လွန်ရင်တော့ နောက်ကျကြေးပေးဆောင်ရတတ်ပါတယ်။ သင်တန်းမပြီးဆုံးခင် ချေးငွေအပြည့် ပြန်ဆပ်ရတဲ့ အဖွဲ့အစည်းတွေရှိသလို သင်တန်းပြီးနောက် ၆ လအထိ အချိန်ပေးတဲ့ အဖွဲ့အစည်းမျိုးလည်း ရှိပါတယ်။

ဘယ်သူတွေ လျှောက်ထားလို့ ရလဲ။

ပညာသင်စရိတ် ချေးငွေလျှောက်ထားမယ်ဆိုရင်တော့ အနည်းဆုံး အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသား ဖြစ်မှ ရပါမယ်။

ပညာသင်စရိတ်ချေးငွေနဲ့ တက်လို့ရတဲ့ ကျောင်းတစ်ချို့ကို ဖော်ပြပေးထားပါတယ်။

Crown Education

Excellent Choice

Inspiro Institute

KMD institute

MHR Management Institute

Myanmar Imperial University (MIU)

Myanmar Institute of Business (MIB)

Myanmar Institute of Business Academy (MIBA)

Myanmar Institute of Education (MIE)

Myanmar Metropolitan College (MMC)

Nanyeng International College

River Samon Institute

STI Myanmar University

Strategy First University (SFU)

Wall Street English Myanmar

YCTC Business Institute

အခြား

ဖော်ပြထားတဲ့ အထဲမှာ မပါတဲ့ အခြားကျောင်းတွေမှာလည်း ပညာသင်စရိတ်ချေးငွေ ရှိတတ်တာကြောင့် ကိုယ်တက်ချင်တဲ့ ကျောင်းမှာ ကိုယ်တိုင်မေးမြန်း စုံစမ်းကြည့်ပါ။

December 22, 2023
© Copyright 2022 | Developed By Impulse International.