နိုင်ငံတကာ ပညာသင်ဆုတွေ လျှောက်ထားရာမှာ ကိုယ့်ရဲ့ Academic Record တွေ၊ Personal Statement တွေအပြင် Recommendation Letter ဟာလည်း လျှောက်လွှာအောင်မြင်ရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဒီအကြံပြုစာကို ဘယ်လို စနစ်တကျ တောင်းခံပြီး အားကောင်းတဲ့ စာတစ်စောင် ရအောင် ဘယ်လို ကြိုးစားရမလဲဆိုတာကို ပြောပြချင်ပါတယ်။
၁။ မှန်ကန်တဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ပါ
အကြံပြုစာ တောင်းခံရာမှာ ရာထူးကြီးသူ ဒါမှမဟုတ် နာမည်ကြီးသူကို ရွေးချယ်တာထက်၊ သင့်ကို တကယ်ကောင်းကောင်း သိတဲ့သူကို ရွေးချယ်ဖို့က ပိုအရေးကြီးပါတယ်။
ဘယ်သူတွေ ဖြစ်သင့်လဲ။
သင်တန်း/ကျောင်းမှ ဆရာ/ဆရာမများ (သင်နဲ့ အတန်းထဲမှာဖြစ်စေ၊ သင်ယူမှုမှာဖြစ်စေ အနီးကပ် ရှိခဲ့သူ)
သင် လုပ်ကိုင်ခဲ့သော ကုမ္ပဏီမှ အထက်လူကြီးများ (သင့်ရဲ့ အလုပ်စွမ်းဆောင်ရည်၊ စိတ်ဓာတ်ကို အမှန်တကယ် မြင်တွေ့ခဲ့ရသူ)
သူတို့က သင့်ရဲ့ စွမ်းဆောင်ရည်၊ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ပင်ကိုယ်စရိုက်ကို သက်သေအထောက်အထား (ဥပမာ- ဘယ်ပရောဂျက်မှာ ဘယ်လိုလုပ်ခဲ့တယ်) တွေနဲ့တကွ ရေးပေးနိုင်မှ လျှောက်လွှာစိစစ်သူတွေက ယုံကြည်မှု ရှိမှာပါ။
၂။ လုံလောက်တဲ့ အချိန် ကြိုတင်ပေးပါ
ဘယ်သူ့ကိုမဆို အကြံပြုစာ တောင်းခံတဲ့အခါမှာ နောက်ဆုံးရက် (Deadline) မတိုင်ခင် အနည်းဆုံး တစ်လ ဒါမှမဟုတ် ၄-၆ ပတ် ကြိုတင်ပြီး ပြောဆိုပါ။
အကြံပြုစာ ရေးပေးမယ့်သူတွေဟာ များသောအားဖြင့် အလုပ်များကြပါတယ်။ အချိန်တိုအတွင်း ရေးခိုင်းရင် သူတို့စိတ်တိုင်းကျ ကောင်းကောင်း မရေးပေးနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။
ကြိုတင် အချိန်ပေးတာဟာ သူတို့ရဲ့ အချိန်ကို လေးစားကြောင်း ပြသရာလည်း ရောက်ပြီး စိတ်ပါဝင်စားစွာ ရေးပေးဖို့ အခွင့်အရေး ပိုများပါတယ်။
၃။ လိုအပ်တဲ့ အချက်အလက်အားလုံးကို ပြည့်စုံစွာ ပေးအပ်ပါ
အကြံပြုစာ ရေးပေးမယ့်သူကို စာရေးရလွယ်ကူစေရန်နဲ့ ပညာသင်ဆုနဲ့ ကိုက်ညီတဲ့ စာတစ်စောင် ရေးပေးနိုင်ဖို့အတွက် အောက်ပါ အချက်အလက်တွေကို စနစ်တကျ ပေးပို့ပါ။
ရည်ရွယ်ချက်ဖော်ပြစာ (SOP) မူကြမ်း – သင်လျှောက်မယ့် အစီအစဉ်အပေါ် သူတို့နားလည်မှု ရှိစေရန်။
သင့်ရဲ့ CV/Resume (နောက်ဆုံးပြင်ထားပြီးသား)-သင့်ရဲ့ အတွေ့အကြုံ၊ ကျောင်းသားဘဝ စွမ်းဆောင်ရည်များကို ပြန်လည် သတိရစေရန်။
ပညာသင်ဆုအကြောင်း အသေးစိတ်- ပညာသင်ဆုက ဘာကို အဓိကထားလဲ (ဥပမာ- ခေါင်းဆောင်မှုလား၊ ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်လား)။
အကြံပြုစာမှာ ထည့်သွင်းစေချင်တဲ့ အဓိကအချက် (၃) ချက်ခန့်- ဥပမာ- “ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကို ဦးစားပေးပြီး ဖော်ပြပေးပါခင်ဗျာ” စသည်ဖြင့်။
လျှောက်လွှာရဲ့ နောက်ဆုံးရက် (Deadline)- နေ့ရက်၊ အချိန်၊ ဘယ်ကို ပို့ရမလဲဆိုတဲ့ လမ်းညွှန်ချက် အတိအကျ။
၄။ ကျေးဇူးတင်ကြောင်း ပြောကြားခြင်းနှင့် အခြေအနေကို ပြန်လည် အသိပေးခြင်း
အကြံပြုစာ ရေးပေးပြီးတဲ့အခါမှာရော၊ ပညာသင်ဆုရသွားတဲ့အခါမှာပါ ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားဖို့ မမေ့ပါနဲ့။
ကျေးဇူးတင်စာ- အကြံပြုစာ ရေးပေးပြီးတာနဲ့ ကျေးဇူးတင်ကြောင်း မှတ်စု/အီးမေးလ်ပို့ပါ။
အခြေအနေ အသိပေးခြင်း- သင် ပညာသင်ဆု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ရလဒ်ထွက်တဲ့အခါ ပြန်လည် အသိပေးပါ။ ဒါက သူတို့ရဲ့ ကူညီမှုကို တန်ဖိုးထားကြောင်း ပြသရာ ရောက်ပါတယ်။ နောက်တစ်ချိန် အကူအညီ လိုအပ်ရင်လည်း ပိုမို အဆင်ပြေစေမှာပါ။
ပညာသင်ဆု လျှောက်လွှာအတွက် အကြံပြုစာ တောင်းခံတာဟာ လျှောက်လွှာတင်သူရဲ့ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးကို ဖော်ပြနေတာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ပုဂ္ဂိုလ်ကို အချိန်မီ ရွေးချယ်ပြီး လိုအပ်တဲ့ အချက်အလက် အားလုံးကို ပြည့်စုံစွာ ပေးပို့ခြင်းဖြင့် သင့်ပညာသင်ဆု ခရီးစဉ်ကို အောင်မြင်မှုဆီ ဦးတည်စေနိုင်ပါ တယ်။
အားလုံး အကောင်းဆုံး ကြိုးစားနိုင်ပါစေကြောင်း Learning House Myanmar မှ ဆန္ဒပြုလိုက်ပါတယ်။
