
ဗိုက်ထဲက ဘေဘီလေးကို စာဖတ်ပြတဲ့အကျင့်ရှိကြသလား … ဒီလိုစာဖတ်ပြတာကို ကိုယ်ဝန်ဆောင်မေမေတင်မကဘဲ ဖေဖေရော၊ တခြားမိသားစုဝင်တွေပါ အတူတူ ပြုလုပ်လို့ရပါတယ်။ ဘေဘီလေးကို ဗိုက်ထဲမှာကတည်းက ဘာကြောင့် စာဖတ်ပြသင့် သလဲဆိုတာနဲ့ စာဖတ်ပြခြင်းရဲ့ အကျိုး ကျေးဇူးတွေ၊ ဘယ်လိုဖတ်ပြရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေထားပါတယ်။
ကြားနိုင်စွမ်း
မိခင်ဝမ်းထဲမှာ ရှိနေဆဲ ကလေးငယ်တွေကို စာဖတ်ပြတဲ့အခါ ကလေးက ကြားရောကြားရရဲ့လား ဇဝေဇဝါ ဖြစ်လေ့ရှိပါ တယ်။ တတိယ သုံးလပတ်ဖြစ်တဲ့ သန္ဓေသား ၁၈ လ အရွယ်မှာ ကလေးရဲ့ အကြား အာရုံ ဖွံ့ဖြိုးလာပြီဖြစ်လို့ မိခင်(သို့) အခြားသူတွေရဲ့ စကားသံ၊ ပြင်ပက အသံဗလံတွေကို စကြားနေပြီလို့ ကျွမ်းကျင်သူတွေ က အတည်ပြုထားပါတယ်။ ဒီ အရွယ်မှာစတင်ပြီး စာဖတ်ပြမယ်၊ ပုံပြင်ဖတ်ပြမယ်ဆိုရင် စီးချက်တွေ၊ တေးသွားတွေ၊ ဘာသာစကားရဲ့ လေယူလေသိမ်း၊ မိခင်ရဲ့ အသံတွေကို ကလေးက ခွဲခြား ကြားနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်က မိခင်ဝမ်းထဲက ထွက်လာပြီး တဲ့အခါမှာ လည်း သူ ဗိုက်ထဲမှာတုန်းက အများဆုံးကြားခဲ့ရတဲ့ အသံနဲ့ စကားလုံးတွေကို မှတ်မိနိုင်တယ်လို့ ဆိုပါတယ်။
ဦးနှောက်ဖွံ့ဖြိုးမှု
ကိုယ်ဝန်တတိယ သုံးလပတ်မှာ သန္ဓေသားနဲ့ဦးနှောက်ဟာ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဒီလိုအချိန်မှာ စာဖတ် ပြခြင်းက ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိထိရောက်ရောက် ကူညီပေးပြီး မွေးဖွားလာပြီးတဲ့နောက် ဘာသာစကား တတ်ကျွမ်းမှုနဲ့ စာသင်ယူမှုကိုပါ အထောက်အကူပြုနိုင်ပါတယ်။ ကလေးငယ်ကို မမွေးဖွားခင်ရော မွေးဖွားပြီးတဲ့နောက်မှာ ပါ စာဖတ်ပြမယ်ဆိုရင် သူတို့လေးတွေရဲ့ သင်ယူနိုင်စွမ်းကို အများကြီးတိုးတက်စေတာပေါ့။ ဒီလို စာဖတ်ပြခြင်းကနေ ကလေးငယ်က ကိန်းဂဏန်းတွေ၊ အရောင်တွေ၊ ပုံသဏ္ဍာန်နဲ့ စာလုံးတွေကို မှတ်သားနေကြပြီး စကားကောင်းကောင်း စ ပြောနိုင်ဖို့ သင်ယူနေကြတာပါ။ လေ့လာချက်တွေအရ နှစ်နှစ်အရွယ် ကလေးငယ်တွေမှာ စာဖတ်ပြတဲ့ကလေးက မဖတ်ပြ တဲ့ ကလေးနဲ့စာရင် စကားစပြောတာ စောပြီး စကားလုံးတွေကိုလည်း ကောင်းကောင်းဖော်ပြပြောဆိုနိုင်ကြတယ်လို့ သိရပါ တယ်။
ခိုင်မာတဲ့ နှောင်ကြိုး
မေမေ စာဖတ်ပြတဲ့အသံက ဗိုက်ထဲက ဘေဘီလေးရဲ့ နှလုံခုန်နှုန်းကို တည်ငြိမ်စေတဲ့အပြင် အံ့သြစရာကောင်းစွာပဲ … ဘေဘီလေးတွေက သူတို့ဗိုက်ထဲမှာရှိနေစဥ်တည်းက စာဖတ်ပြနေတဲ့ မေမေ့အသံကို မွေးလာတဲ့ အခါမှာလည်း မှတ်မိနိုင် စွမ်းရှိကြပါတယ်။ သူတို့အတွက် နွေးထွေးလုံခြုံတဲ့ သားအိမ်ထဲကနေ အရာရာစိမ်းသက်နေတဲ့ အပြင်လောကကို စတင်ထိ တွေ့ရတဲ့အခါ ဗိုက်ထဲမှာတည်းက ကြားခဲ့ရတဲ့ မေမေ့အသံက ဘေဘီလေးကို အများကြီး စိတ်သက်သာရာ ရစေပါတယ်။ ဒါကြောင့် စာဖတ်ပြခြင်းအားဖြင့် ဘေဘီလေးနဲ့ မေမေ့တို့ကြားတဲ့က ဆက်နွယ်မှုကို စောစီးစွာ ခိုင်ခိုင်မာမာ တည်ဆောက် ထားပြီးသား ဖြစ်စေပါတယ်။ မေမေတစ်ယောက်တည်းမဟုတ်ဘဲ ဖေဖေရော၊ အိမ်က အခြားမိသားစုဝင်တွေကပါ ဘေဘီ ဗိုက်ထဲမှာရော မွေးဖွားပြီးတဲ့အခါမှာပါ စာဖတ်ပြခြင်း၊ စကားတွေပြောပေးခြင်းအားဖြင့် ကလေးငယ်နဲ့ မိသားစုကြားထဲ ခိုင်မာတဲ့ သံယောဇဥ်ကို တည်ဆောက်မယ်ဆို အကောင်းဆုံးပဲပေါ့။
စိတ်အပန်းပြေပြီး ကြည်နူးစရာဖြစ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တွေက ဗိုက်ထဲက ကလေးငယ်တွေကို စကားပြောတာ၊ သီချင်းဆိုပြတာ (ဒါမှမဟုတ်) သီချင်းဖွင့်ပြတာ စတဲ့ အပြုအမူတွေကို ဘယ်သူ့ရဲ့တိုက်တွန်းချက်ကြောင့်ရယ်လို့ မဟုတ်ဘဲ မိခင်စိတ်အရ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုပြု လုပ်ပေးတာက ကလေးနဲ့ မိခင်ကြား သံယောဇဥ်ကို ခိုင်မာစေပြီး အမြဲတမ်းအမှတ်ရနေစရာ ကောင်းမွန်တဲ့ အခိုက်အတန့် လေး တွေပါ။ သားဦးကိုယ်ဝန်မဟုတ်ဘူးဆိုရင် ကလေးအကြီးတွေကိုပါ ဗိုက်ထဲက ဘေဘီလေးကို ပုံပြင်ဖတ်ပြဖို့၊ ကဗျာ ရွတ်ပြဖို့ အတူတူပါဝင်စေပြီး မောင်နှမတွေကြားထဲက ကောင်းမွန်တဲ့ ချည်နှောင်မှုလေးတွေကို စောစောစီးစီး တည်ဆောက် သင့်ပါတယ်။ ဗိုက်ထဲက ဘေဘီလေးကို စာဖတ်ပြချိန်မှာ တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းပါဝင်ခြင်းအားဖြင့် စိတ် လက်ကြည်နူးစရာ အခိုက်အတန့်လေးတွေကို ဖြတ်သန်းလိုက်ပါ။