တိုးတက်သောလူမျိုးသည် စာဖတ်၍ စာဖတ်သောလူမျိုးသည် တိုးတက်ကြသည်တဲ့ ကြားဖူးကြမယ်ထင်ပါတယ်။ အမှန်ပါပဲ၊ ဘာကွာသွားလို့လဲ ဆိုတာ…..ပြောပြပေးချင်ပါတယ်။ တစ်ချို့ကတော့ ပြောတတ်ပါတယ်၊ ဘွဲ့ရတိုင်း ပညာတတ်တာမဟုတ်ပါဘူးတဲ့။ မှန်ပါတယ်…..ပညာဆိုတာ အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်တဲ့ဉာဏ်ကို ပြောတာပါ။ ဘယ်ကဘယ်လိုရထားပါတယ်ဆိုတဲ့ ဘွဲ့လက်မှတ်တွေကို ပြောတာမဟုတ်ပါဘူး။ အတန်းပညာမှာ တော်တတ်လွန်းလို့ ဘွဲ့လက်မှတ်တွေ တသီတတန်းကြီးရတိုင်း ပညာတတ်တာမဟုတ်ပါဘူး။ ထိုဘွဲ့လက်မှတ် တွေက ကိုယ့်ရဲ့အရည်အချင်းတစ်ခုကို သတ်မှတ်ပေးထားတဲ့ အရေအတွက်တစ်ခုပါ။ ထိုအရေအတွက်တွေ အားဖြင့်တော့ အကြမ်းဖျင်း သတ်မှတ်ပြီး အလုပ်ခွင်မှာ ရာထူးနေရာကွဲပြားတာ၊ ဝင်ငွေကွဲပြားတာတွေ ဖြစ်လာရတာပါ။
ဟုတ်ပါပြီ…..ကျွန်တော်တော့ ဘာဘွဲ့မှမရထားပါဘူးဆိုပြီး အားငယ်နေစရာမလိုပါဘူး။ အဲဒါက အရည်အချင်းကို သတ်မှတ်ပေးတဲ့အကြမ်းဖျင်းအရေအတွက်မို့လို့ပါ။ ဘဝမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ်ရှိဖို့အရေး ကြီးတာပါ။ အဲဒါမှ ပညာလို့ခေါ်ပါတယ်။ အဲဒီ့ပညာကို စာအုပ်တွေက ရပါတယ်။
၁) စာအုပ်က ရတဲ့ ပညာတွေ
စာအုပ်တွေက အရင့်အရင်ကြုံဖူးခဲ့သမျှတွေ၊ လူ့စရိုက်တွေအကြောင်းပြောပြပါလိမ့်မယ်၊ ကိုယ်မရောက်ဖူးတဲ့ နေရာကို ကိုယ့်ကို လိုက်ပို့ပေးပါလိမ့်မယ်။ ကိုယ်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ စိတ်အားမငယ်ဖို့ ခွန်အား ပေးပါလိမ့်မယ်။ ကိုယ်အထီးကျန်နေတဲ့အချိန် ကိုယ့်ကို ဖျော်ဖြေပါလိမ့်မယ်။ ကိုယ်အသည်းကွဲနေရင် ကိုယ့်ကို နှစ်သိမ့်ပေးပါလိမ့်မယ်။ အများကြီးပါပဲနော်…..စာအုပ်တွေက ကိုယ့်အတွက် အများကြီး အလင်းပြပါလိမ့်မယ်။
ရသစာပေတွေဖတ်တဲ့အခါ လူမှုဘဝ၊ နေထိုင်မှု၊ လူစရိုက်၊ အကျင့်စရိုက်ကောင်း၊ လူဆိုး၊ လူမိုက်၊ လူယုတ်မာ၊ စသည်ဖြင့် လူတွေအကြောင်းသိလာရပါလိမ့်မယ်။ လူတွေအကြောင်း သိလာတဲ့အခါ ကိုယ်စက်ဆုပ်တဲ့ လူအမျိုး အစားက ဘယ်လိုလူဆိုတာ သိလာမှပါ။ ကိုယ်ချင်းစာတရား၊ စာနာမှု၊ သနားမှု စသည်ဖြင့် ခံစားရတဲ့အခါ ကိုယ်တိုင်လည်း ကိုယ်ချင်းစာဖို့ ကြိုးစားလာတတ်ပါတယ်။ စာနာလာတတ်၊ သနားလာတတ်တဲ့အခါ လူတစ်ယောက်ရဲ့နေထိုင်မှုက ပိုပြီး ယဉ်ကျေးလာစေမှာပါ။
ခွန်အားဖြစ်စာတွေဖတ်တဲ့အခါ စိတ်ညစ်တဲ့၊ စိတ်ဓာတ်ကျတဲ့အချိန် ကိုယ့်ကိုကိုယ်ဖြေသိမ့်လာနိုင်မှာပါ။ အောင်မြင်အောင်ကြိုးစားချင်တဲ့အခါ အောင်မြင်တဲ့သူတွေ ဘယ်လိုဒုက္ခရောက်ဖူးတဲ့အကြောင်းတွေ ရှာဖွေ ဖတ်ရှုပြီး သိလာအောင် ဖတ်ကြည့်အတုယူတတ်လာမှာပါ။ သမိုင်းကြောင်းတွေဖတ်တဲ့အခါ သူများထက် ဗဟုသုတပိုပြီး ကြွယ်ဝလို့ သူများထက် ဝေါဟာရကြွယ်ဝလာစေပါတယ်။
၂) ကောင်းချင်တဲ့အကျင့်တွေ၊ စိတ်တွေဖြစ်လာစေပါတယ်
လူတွေမှာ တိရိစ္ဆာန်တွေထက် အသိဉာဏ်ပိုပြီးမြင့်မားသလို၊ အကျင့်သိက္ခာနဲ့ပိုပြီး နေထိုင်တတ်လို့၊ အမှား အမှန် ပိုင်းခြားတတ်လို့ လူလို့ခေါ်တာပါ။ အဲဒီလို လူလိုကျင့်ကြံနေထိုင်နည်းတွေကိုသိဖို့၊ စာဖတ်သင့်ပါတယ်။ စာဖတ်ပါ များလာတဲ့အခါ အမှားကဘာ၊ အမှန်ကဘာဆိုတာကို သိလာပါတယ်။ သိလာတဲ့နောက်မှာတော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်တတ်လာပြီး ပြုပြင်ဖို့ ကြိုးစားတတ်လာပါတယ်။ လူအယောက်စီတိုင်းမှာ အဲလိုအတွေးလေးတွေနဲ့ ပြုပြင် တတ်လာတဲ့အခါ အဲဒီ့ပတ်ဝန်းကျင်က နေပျော်စရာကောင်းလာမှာဖြစ်ပါတယ်။ အဲလိုမျိုးအမှားကို အမှားမှန်းသိလို့ အမှန်ပြင်ချင်စိတ်များတဲ့လူတွေစုလာတဲ့အခါ အမှန်တရားတွေများလာမှာဖြစ်ပါတယ်။ အမှန်တရားသမားတွေ များလာတဲ့အခါ အမှားကိုမပြင်ချင်သူတွေ နေရာမရတော့ဘဲ ကိုယ့်မိသားစု၊ ကိုယ့်နေထိုင်တဲ့ပတ်ဝန်းကျင်၊ ကိုယ်နေထိုင်နေတဲ့တိုင်းပြည် စသည်ဖြင့် အလုံးစုံတိုးတက်လာနိုင်မှာပါ။
၃) သုံးသပ်တတ်တဲ့အကျင့် အလိုလိုဖြစ်လာစေပါတယ်။
စာဖတ်နာလာတဲ့သူတစ်ယောက်က သူများက ဆုံးမစရာမလိုတော့ပါဘူး။ သူဖတ်တဲ့စာတွေထဲက ဇာတ်ကောင် စရိုက်တွေနဲ့ ရင်းနှီးပါများလာတဲ့အခါ အလိုလို စိတ်ကိုဆုံးမပြီးသားဖြစ်သွားစေပါတယ်။ စာဖတ်တဲ့အခါ အလုပ် နှစ်ခု တပြိုင်တည်းလုပ်နေလေ့ရှိပါတယ်။ စာကိုဖတ်နေတယ်…..ဖတ်နေရင်း ဦးနှောက်က ဖြစ်နိုင်မဖြစ်နိုင် တွေးနေတာပါ။ အဲဒါကြောင့် စာဖတ်ကျင့်ဖြစ်နေကျသူတစ်ယောက်က အမြဲ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်တဲ့အကျင့် ရပြီးသားဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်တဲ့အကျင့်က အစိမ်းသက်သက်လုပ်ယူရတာမလွယ်ပါဘူး။ စာဖတ်တဲ့သူကတော့ လုပ်ယူစရာမလိုဘဲ အလိုလိုဦးနှောက်က အကျင့်လုပ်ပေးသွားတာပါ။ အဲလိုမျိုး ပြန်သုံးသပ် နေကျသူတစ်ယောက်က သူ့အမှားကို သူမြင်လာပါတယ်။ စာအုပ်တွေထဲမှာ ရင်းနှီးနေကျ အမှားလုပ်သူ တွေကြောင့် သူ့စိတ်ကိုသူပြန်ထိန်းရမှာ သိမြင်လာပါတယ်။ အဲတော့ ပြုပြင်ယူဖို့ကြိုးစားတတ်လာပါတယ်။ အများကြီးမပြုပြင်နိုင်ရင်တောင် ပြုပြင်တတ်လာတာကပဲ စာဖတ်သူကို လူကောင်းတစ်ယောက်ဖြစ်လာ စေပါတယ်။ အဲဒါက စာဖတ်သူနဲ့ စာမဖတ်သူကြားထဲက လုပ်ယူပေးလို့မရတဲ့ခြားနားချက်ပါ။
၄) စာဖတ်သူနဲ့ မဖတ်သူကြားမှာ ဘာတွေထပ်ခြားနားသလဲ
စာဖတ်သူက ဦးနှောက်ဉာဏ် ပိုပြီးဖွံ့ဖြိုးပါတယ်။ စာမဖတ်သူက စာဖတ်သူထက် ဦးနှောက် ဉာဏ်ဖွံ့ဖြိုးတာ နှေးပါတယ်။ ပြီးတော့ စာဖတ်သူက မှားမှန်းသိလွယ်တယ်၊ ပြင်လွယ်လာပါတယ်။
ပြင်ဖို့လဲ ကိုယ့်ကိုကိုယ် တိုက်တွန်းလာပါတယ်။ လောကမှာ လူကောင်း၊ လူမှန် ဖြစ်လာအောင် ဘယ်သူကမှ အတင်းတိုက်တွန်းလို့မရပါဘူးနော်။ ကိုယ်တိုင်လုပ်ချင်စိတ်ရှိမှဖြစ်တာပါ။ အဲဒီလို လုပ်ချင်စိတ်ဖြစ်လာအောင် စာအုပ်တွေနဲ့ရင်းနှီးနေမှ ရတာပါ၊ စာအုပ်တွေက ယဉ်ပါးအောင် သင်ပေးနိုင်တာပါ။ အဲဒါကြောင့် စာဖတ်သူ တွေအောင်မြင်ကြတာပါ၊ အောင်မြင်သူတိုင်းကလည်း စာဖတ်ကြပါတယ်။ စာမဖတ်တဲ့သူရဲ့ အားနည်းချက် ကတော့ အမှားကိုမှားမှန်းမသိတတ်ကြပါဘူး။ စာဖတ်သူက လူတွေရဲ့ဘဝအဖုံဖုံ၊ မှားနည်းအဖုံဖုံကို သင်ယူထား ပြီးသားမို့ အမှားကို ရင်းနှီးနေလို့ အမှားမှန်းသိကြပါတယ်။ စာမဖတ်သူကတော့ အမှားကို မသိကြပါဘူး။ တစ်ချို့ ကျတော့ အမှားကို မှားမှန်းသိပါတယ်၊ ပြင်ဖို့မကြိုးစားတတ်ဘဲ အမှားထဲမှာပဲ ပျော်နေတတ်ကြပါတယ်။ အဲဒါက လည်း စာမဖတ်ခြင်းကြောင့်ပါပဲ။ စာမဖတ်တော့ အမှားကို မသုံးသပ်နိုင်ဘူး၊ မသုံးသပ်နိုင်တော့ အမှားနဲ့တိုး ပါတယ်။ အမှားကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးကို မသိနိုင်ပါဘူး၊ အဲဒါကြောင့် အမြန်ဆုံးပြန်ပြုပြင် ယူဖို့ မကြိုးစားတော့ပါဘူး။
စာဖတ်သူကတော့ လဲပြိုကျရင်တောင် ကိုယ့်ကိုကိုယ်ပြန်လည်ဆောက်တည်နိုင်ပါတယ်။ ပြန်သုံးသပ်နိုင်တာမို့ အမှားကြုံဖို့အခွင့်အလမ်းနည်းပါတယ်။ ကြုံလာခဲ့ရင်လည်း အမြန်ဆုံးပြုပြင်ယူတတ်ပါတယ်။ စာဖတ်သူက ပြုပြင်လွယ်ပါတယ်။ တည်ငြိမ်မှုရှိပါတယ်။ အမှားအမှန်ပိုင်းခြားနိုင်သလို၊ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ပါတယ်။
အဲဒါကြောင့် စာဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူကြားမှာ ကွာဟချက်တွေအများကြီးဖြစ်လာတာပါ။ အဲဒါကြောင့်လည်း စာဖတ်သူက အောင်မြင်သူဖြစ်လာပြီး အောင်မြင်သူတွေက အောင်မြင်မှုကိုရေရှည်ဆက်လက်ထိန်းထားနိုင်ဖို့ စာဖတ်ကြတာပါ။ စာဖတ်ပြီး အမှားပြင်နိုင်သူတွေများလာတဲ့အခါ တိုင်းပြည်မှာလည်း လူကောင်းတွေပိုများလာ မှာပါ။ အဲဒါဆိုရင် တိုင်းပြည်အတွက်ကော ဘာတွေကောင်းကျိုးဖြစ်လာမလဲ မပြောလဲသိနိုင်မှာပါ။
၅) စာဖတ်သူတွေဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ
ဟုတ်ပါပြီ…..ကျွန်တော်တို့ကိုယ်တိုင်ကတော့ စာဖတ်ချင်စိတ်ပေါက်လာလို့၊ လူငယ်ဖြစ်ပေမယ့် စာစဖတ်ဖို့ ကြိုးစားလာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ လောကမှာ အမှားမပြင်ချင်သူ၊ အမှားမသိသူကို သိကြားမင်း တောင်ဆင်းပြီး သွန်သင်ပေးလို့မရပါဘူး။ ကိုယ်တိုင်ပြောင်းလဲချင်စိတ်ရှိမှဖြစ်တာပါနော်။
ကိုယ်တိုင်က စာဖတ်ချင်စိတ်ရှိတယ်၊ ကိုယ့်သားသမီးလေးတွေကိုလည်း စာဖတ်စေချင်တယ်ဆိုရင် ကိုယ့်ရဲ့ အနာဂတ်သားသမီးလေးတွေကိုလည်း စာဖတ်ခိုင်းခြင်းက လူလိမ္မာလေးဖြစ်အောင်သင်ပေးနည်းတစ်မျိုးပါပဲ။ အဲဒါကြောင့် အနာဂတ်ရဲ့အလောင်းအလျာလေးတွေဖြစ်တဲ့ကလေးတွေကို စာဖတ်ကျင့်ဖြစ်အောင်လုပ်ပေးထား လို့ရပါတယ်။
မိဘတွေ ကိုယ့်သားသမီးကြီးလာရင် ဘယ်လိုမျိုးထိန်းကျောင်းရမလဲလို့များ ကြိုတွေးပြီး ပူပန်ဖူးလား။ အဲဒါဆိုရင် တော့ ငယ်ငယ်လေးကတည်းက စာဖတ်တဲ့အကျင့်လေးတစ်ခုစွဲအောင် လုပ်ပေးလိုက်ပါ။ အဲဒီ့ကလေးက ကြီးလာတဲ့အခါ သူ့ကိုယ်သူပြန်ဆုံးမသွားပါလိမ့်မယ်။ ဘာလို့ငယ်တုန်းစာဖတ်ကျင့်လုပ်ခိုင်းရတာလဲဆိုတော့ ကြီးလာရင် စာဖတ်ကျင့်စွဲအောင် လုပ်ယူရတာမလွယ်တော့ပါဘူး။ လူငယ်ပိုင်းဖြစ်လာပြီး စာဖတ်ကျင့် မရှိတဲ့သားသမီးကို မိဘက စာဖတ်စမ်းဆိုပြီး စာဖတ်ခိုင်းလို့မရပါဘူးနော်။ သူကိုယ်တိုင်က စိတ်ပါဝင်စားမှု မရှိတဲ့အတွက်ပါ။ အဲဒါကြောင့် ကိုယ်ပုံသွင်းလို့ရတဲ့အချိန် ငယ်တုန်းမှာ စာဖတ်ကျင့်ဖြစ်အောင် သင်ပေးပါ။ စာဖတ်ကျင့်စွဲလာတဲ့အခါ လူငယ်အချိန်ရောက်သွားတဲ့အချိန်မှာ ဘာကိုအတင်းလုပ်ယူစရာမလိုတော့ပါဘူး။ မိဘက သားသမီးကို အမွေပေးဖို့ တိုက်တွေ၊ ကားတွေ၊ ငွေတွေ၊ ပိုင်ဆိုင်မှုပေါင်းများစွာပေးမှ အမွေ မဟုတ်ပါဘူးနော်။ ဘယ်တော့မှမကုန်မဆုံးနိုင်တဲ့ ပညာကို သားသမီးရဲ့ဦးနှောက်ထဲထည့်ပေးနိုင်တာက အမွေ ကောင်းပါ။ အဲဒီ့အမွေက ဘယ်သူမှ လာခိုးယူလို့မရနိုင်ပါဘူး။ သားသမီးရဲ့တစ်ဘဝလုံးကို ထိုပညာက စောင့်ရှောက်မှာပါ။ အဲဒါအပြင် စာဖတ်ကျင့်ရှိနေတဲ့ကလေးတစ်ယောက်က ဂိမ်းကိုအလွန်အကျွံစွဲတဲ့ အကျင့်လုံးဝ မဖြစ်လာနိုင်တော့ပါဘူး။ စာဖတ်ကျင့်ရှိတဲ့ကလေးတစ်ယောက်က ဂိမ်းဆော့ရမှာထက် စာဖတ်ရတာကိုပိုပြီး စွဲလမ်းတာမျိုးမို့ပါ။
အဲဒီတော့ ခုချိန်ကစလို့ လူငယ်တွေ စာဖတ်ကျင့်မရှိရင် စာဖတ်ကျင့်လုပ်ပေးပါ၊ သားသမီးမျိုးဆက်သစ်လေးတွေကို စာဖတ်ကျင့်စွဲအောင် ခုကစလို့ အကျင့်လုပ်ပေးလိုက်ပါနော်။ နောက်တစ်ခေါက်ကျမှ ကလေးငယ်တွေကို စာဖတ် ချင်စိတ်ဖြစ်အောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာမျိုးလေးတွေ ဆက်ရေးပြပေးပါအုံးမယ်။ အားလုံးပဲ စာဖတ်ပြီး ဘဝတွေတိုးတက်နိုင်ကြပါစေ။
