သင်ယူသူဗဟိုပြု ပါရာဒိုင်း

ာသင်ခန်းထဲဝင်ပြီးတော့ ရေလောင်းဖို့ စိတ်မကူးပါနဲ့၊ စာသင်ခန်းထဲမှာ အပင်စိုက်ဖို့ စိတ်ကူးလာပါဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားမိတယ်။ ဒီစကားဟာ အလွယ်ပြောတာမဟုတ်ဘူး။ ရေလာလောင်းတာထက် အပင် လာစိုက်ဆိုတာ ပါရာဒိုင်းတစ်ခုကို ပြောင်းလဲလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောလာကြတာပါ။ အထူးသဖြင့် တော့ ကမ္ဘာမှာကျောင်းသားဗဟိုပြုဆိုတာထက် သင်ယူသူဗဟိုပြု (Learner-Centered) ဆိုတဲ့ ပါရာဒိုင်း တစ်ခုကို ဖော်ဆောင်ဖို့ စိတ်ကူးတွေ ပြောင်းလာကြပြီလို့ ဆိုချင်ပါတယ်။

မြန်မာနိုင်ငံမှာ သင်ကြားရေးစနစ်က ဆရာဗဟိုပြုစနစ်လမ်းကြောင်းက ခွဲမထွက်နိုင်သေးဘူး။ နိုင်ငံတကာ သင်ကြားနည်းစနစ်တွေက နံရံမဲ့စာသင်ခန်း (classrooms without walls) ဆိုတာကိုသွားနေပြီ။ နံရံမဲ့ စာသင်ခန်းဆိုတာက ကျောင်းသားတိုင်း သင်ချင်တာကို သင်ယူပိုင်ခွင့် လေ့လာပိုင်ခွင့်ဆီကို ဦးတည်ထားတယ်။ ဘာလေ့လာချင်သလဲ၊ လေ့လာချင်တာကို လေ့လာနိုင်ဖို့အတွက် ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်။ ကြိုက်တာလေ့လာနိုင်တယ်။ ဆရာက ရှေ့ကနေ ထိန်းချုပ်တာ မရှိဘူး။ ဆရာက စာသင်ခန်းထဲမှာ လိုက်ပြီး လမ်းညွှန်တာပဲရှိမယ်။

“မင်း ဘာသိချင်တာလဲ။ ဟုတ်ပြီး အဲဒါဆိုရင် wikipedia.org ကို ဝင်ကြည့်ပါလား”

“သမီး … အဲဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ khanacademy.org မှာ ဗီဒီယို နဲ့ရှိတယ်။ သွားဝင်ကြည့်လိုက် လေ” စတဲ့ လမ်းညွှန်မှုမျိုးတွေကို ပေးနိုင်တဲ့ ဆရာ၊ ဆရာမမျိုးတွေ လိုလာပြီ။ ဒါကြောင့် ပါရာဒိုင်းဆိုတာ ဆရာ တွေကတစ်ဆင့် ကွန်ပျူတာ၊ အင်တာနက်ကို နှံ့စပ်စွာလေ့လာပြီး လမ်းညွှန်ပေးနိုင်သူတွေ ဖြစ်ဖို့လိုလာပြီ။ ဆရာက ကျောင်းသားလောက်တောက် ကွန်ပျူတာ အင်တာနက်မသိရင် စာသင်လို့မဖြစ်နိုင်ဘူးဆိုတဲ့ အသိဟာ အနာဂတ်ပညာရေးလို့ သိမြင်ဖို့လိုလာပြီ။

အစဉ်အလာပညာရေးဟာ ဆရာဗဟိုပြုထားတာများတယ်။ စာသင်ခန်းတွေမှာ သင်ရိုးညွှန်းတမ်းတွေဆိုတာ ကလည်း ကျောင်းသုံးပြဋ္ဌာန်းဖတ်စာအုပ်တွေကိုပဲ အခြေခံထားတယ်။ ဆရာတွေက ပြဋ္ဌာန်းချက်တွေကို ကုန်စင်အောင်သင်ဖို့ပဲ အားစိုက်နေကြတယ်။ ကျောင်းသားတွေ သင်ယူချင်စိတ်ရှိတာ၊ မရှိတာ၊ တတ်တာ၊ မတတ်တာတွေဟာ သူတို့အလုပ်မဟုတ်သလိုဖြစ်နေတယ်။ ဒါဟာ ခေတ်သစ်မှာ အထက်က ဒီလိုခိုင်းလို့ ဖြစ်အောင် လုပ်နေကြရတဲ့ အလုပ်ဖြစ်ရုံသက်သက် ပညာရေးဖြစ်ပါတယ်။

ဆရာကိုပဲဗဟိုပြုထားတာကြောင့် ပျင်းစရာကောင်းလည်းဒီစာ၊ ပျော်စရာကောင်းလည်း ဒီစာ၊ သင်ရိုးက အချဉ် ပေါက်နေတော့ စိတ်ဝင်စားစရာကလည်းမကောင်း၊ တီထွင်ပြီးသင်လို့လည်းမရ။ ကျောင်းတွေက ဒါပဲသင်၊ ဒါပဲမေး၊ ဒါပဲဖြေ အောင်မှတ်တွေရနေတော့ ပြောင်းလဲမှုတစ်ခုခုအတွက် စွန့်စားစရာ မလိုတော့ဘူး။

ကမ္ဘာ့ပညာရေးဟာ အွန်လိုင်းကတစ်ဆင့် သင်ယူချင်သူက ကိုယ်သင်ချင်တာကို ပြောင်းလဲနေတဲ့ ပညာရေး လမ်းကြောင်းကို လိုက်နေပြီ။ ဒါကို Learning-Centered Class (LCC) လို့ပြောနေပြီ။ LCC ဆိုတာက ကျောင်းသားဘာကို သင်ယူလေ့လာချင်သလဲဆိုတာကိုပဲ အလေးထားတယ်။ ကျောင်းတွေမှာက စာအုပ်ဖွင့်၊ ပေးထားတဲ့ စာကိုဖတ်၊ ပေးထားတဲ့ စာကိုပဲလေ့လာတဲ့စနစ်။ အွန်လိုင်း ပညာရေးကို စာသင်ခန်းထဲခေါ်သွင်း လာရင် ကြိုက်တာကိုလေ့လာ၊ ပြီးရင်တွေ့တာကို ဆန်းစစ်၊ လက်တွေ့ဖော်ထုတ်နိုင်အောင် ကြိုးစားရတော့မယ်။ ဆရာတွေက ကျောင်းသားတွေကို အဖွဲ့လိုက်အုပ်စုလိုက်ပူးပေါင်းပြီး သုတေသနလုပ်ခိုင်းတယ်။ အွန်လိုင်းပေါ်မှာ ရနိုင်တဲ့ ရင်းမြစ်တွေကို ကျောင်းသားတွေ ဘယ်လောက်အသုံးပြုနိုင်တယ်ဆိုတာ ရည်ညွှန်း (reference site) နဲ့ ပိုင်းဖြတ်တဲ့ အလုပ်တွေကို သူတို့လုပ်နေကြပြီ။ ဒါဟာ လေ့လာမှု အဝန်းအဝိုင်းကို တိုးချဲ့နိုင်သလောက်၊ တိုးချဲ့နိုင် အောင် ကလေးတွေကို ခြေလှမ်းချဲ့ခိုင်းထားတာပါ။

ကျောင်းသားတွေအတွက် အသိပညာရယ်၊ ကျွမ်းကျင်မှုရယ် ပေါင်းစပ်ပေးနိုင်မှ အနာဂတ်ပညာရေးကို ပြုပြင် ပြောင်းလဲနိုင်ပါလိမ့်မယ်။ အထူးသဖြင့်တော့ ဈေးကွက်မှာ အလုပ်ရှာပညာရေးမျိုး၊ စီးပွားရေးနဲ့ပညာရေး ဆက်စပ်တဲ့ အသိမျိုးတွေကို ပေးလိုက်ကြရမှာဖြစ်တယ်။ ဥပမာ ကျွန်တော်တို့ဟာ ကျောင်းသားတွေကို Customer တွေလို့ သဘောထားရင် သူတို့ကို ကျွန်တော်တို့က လိုအပ်ချက်နှစ်မျိုး ဖြည့်ဆည်းပေးလိုက်ရမယ်

–         ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးကို ထက်မြက်အောင်လုပ်ပေးရမယ်။ အသိပညာ၊ အတတ်ပညာ ပါသွားအောင် ကြံဆောင်ပေးနိုင်ရမယ်

–         အနာဂတ်မှာ လူထဲသူထဲရောက်ရင် လူမကြောက်တဲ့သူမျိုးတွေဖန်တီးပေးရမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး ကိုယ်ရည်ကိုယ်သွေးထက်မြက်သူတွေ ပြောရဲ၊ ဆိုရဲ၊ ဝေဖန်အကြံပြုရဲသူတွေ ဖြစ်ရမယ်။ တစ်နည်းပြောရရင်တော့ ခေတ်သစ်လူ့ဘောင်နဲ့ အံဝင်အောင် အတွေးအခေါ် အယူအဆတွေ ပြောင်းလဲ မြှင့်တင်ပေးလိုက်ဖို့လိုတယ်။

ဆရာကိုဗဟိုပြုထားပြီး သင်ကြားနေကြတဲ့ စာသင်ခန်းတွေမှာ ဆရာဆိုတာ “တတ်သိမျိုးစုံ ကုံလုံကြွယ်ဝ ပညာပြည့်ဝတဲ့ ဉာဏ်ကြီးရှင်တွေ” ဖြစ်နေကြပါတယ်။ ဆရာဆိုတာ သင်ကြားရတဲ့ ဘာသာရပ်ကို “ချုပ်ကိုင် ထားသူများ”လည်းဖြစ်နေတယ်။ ကျောင်းသားတွေ ဘာလိုတယ်ဆိုတာ “အဆုံးအဖြတ်ပေးနေရသူများ” လည်း ဖြစ်နေပြန်တယ်။ တစ်နည်းပြောရရင် ဆရာဆိုတာ အရာရာကို ပြင်ဆင်ပေးသူ၊ စီစဉ်ပေးသူ “Arranger” တွေ ဖြစ်နေပြန်တယ်။

ဆရာတွေက စီစဉ်သူတွေဖြစ်နေတော့ ကျောင်းသားတွေက ခံယူချင်သည်ဖြစ်စေ၊ မခံယူချင်သည်ဖြစ်စေ သူ့ကိုယ်သူ အရှင်သခင်တွေလို့ထင်ပြီးတော့ သင်ချင်တာသင်နေတော့တယ်။ ကိန်းဂဏန်းသင်တဲ့ ဆရာကလည်း ၅ ဆိုတဲ့ ကိန်းတစ်ခုရလာဖို့ ၂ နဲ့ ၃ ပေါင်းရင် ၅ (၂ + ၃ = ၅) ဆိုပြီးတော့ ပုံသေသင်တယ်။ ကျောင်းသားက (၁ + ၂ + ၂ = ၅) ဆိုရင်လည်း လက်မခံဘူး၊ ၄ + (၃ – ၂) = ၅ လို့ကျောင်းသားထွင်လာရင်လည်း အမှားပေးတဲ့ ခေတ် ဖြစ်လာတယ်။ တီထွင်ဆန်းသစ်မှုကို လက်မခံတော့၊ ဆန်းသစ် တီထွင်လာရင် မှားတယ်ဆိုတဲ့ ဝန်းကျင်မှာ ဘယ်ကျောင်းသားက တီထွင်ဆန်းသစ်ချင်စိတ်တွေ ဝင်လာတော့မှာလဲ။ မှားမှာကို ကြောက်အောင် ချောက်ထား တဲ့ စာသင်ကျောင်းတွေမှာ အကြောက်တရားနဲ့ တီထွင်လိုစိတ်မရှိတဲ့ ပုံစံခွက်ထဲက ခပ်တုံးတုံးကျောင်းသားတွေ ထွက်နေတာလည်း အဆန်းတော့မဟုတ်ဘူးပေါ့။

ဆရာကို မှီခိုအားထားနေရတဲ့ ပညာရေးကို အကောင်အထည်ဖော်ထားတဲ့စနစ်မှာ ကျောင်းသားဟာ ဆရာ မပါရင် ဘာမှ မလေ့လာတတ်တော့ဘူး။ ဖတ်ဆိုရင် ဘာဖတ်ရမလဲလို့ မျက်လုံးလေး ကလယ် ကလယ်ဖြစ်နေလိမ့်မယ်။ “ဆို” လို့ပြောလိုက်ရင် စာအုပ်ထဲကအတိုင်း အတိအကျ မရွတ်ပြနိုင်မှာကိုကြောက်ပြီး နှုတ်က မထွက်ရဲတော့ဘူး။ ဒီလိုကလေးတွေကို ကျွန်တော်တို့က ဘဝတစ်သက်တာ ပညာရှာနိုင်တဲ့ (Life-long learners) တွေဖြစ်အောင် ဘယ်လို လုပ်ပေးနိုင်တော့မှာလဲ။ လွတ်လပ်စွာ ပညာသင်ယူမှုကို လမ်းကြောင်း မဖွင့်ပေးရင် မသင်မတတ်၊ သင်မှတတ်၊ မပြတ်ဆရာ မျှော်လင့်နေတဲ့ဘဝတွေမှာ သာယာနေမှာပဲဖြစ်ပါတယ်။

“ဆရာဆိုတာ အတန်းကိုသင်တဲ့ဆရာမဖြစ်ရဘူး။ ဆရာဆိုတာ ကျောင်းသားကိုသင်တဲ့ဆရာဖြစ်ရမယ်” စဉ်းစား စရာ စကားတစ်ခုပေါ်လာပြန်တယ်။

ကလေးတွေကို ဆရာတွေက “နားလည်ရဲ့လား” လို့မေးရင် မှားနေပြီ။ သူတို့ကို ဆရာတွေက နားလည်အောင် သင်ရမှာမှ မဟုတ်တာ။ “သိအောင်” သင်ရမှာ။ သဘောတရားတွေကို လက်တွေ့ကျင့်သုံးနိုင်အောင် ကြံဆောင် ပေးရမှာ။ အလုပ်ကိုအခြေမခံတဲ့၊ ဘဝကိုအခြေမခံတဲ့ သဘောတရားသက်သက်တွေကို အလွတ်ကျက်ခိုင်းနေရင် ပညာရေးဟာ ကျဆုံးနေမှာပဲ။ ကလေးတွေကို ကျွန်တော်တို့ဟာ (Critical Thinking, Problem Solving, Creativity) ဆိုတဲ့ ပိုင်းဖြတ်ဝေဖန် စဉ်းစားနိုင်စွမ်း၊ ပြဿနာမှန်သမျှ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဖြေရှင်းနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရှိလာအောင် မလုပ်နိုင်ရန် ပညာရေးမှာ ပါရာဒိုင်းတစ်ခုအဖြစ် ရွေ့သွားအောင် လုပ်နိုင် သူတွေဖြစ်ပြီလို့ မဆိုနိုင်ပါဘူး။

မြန်မာနိုင်ငံ ပညာရေးမှာ ယနေ့ခေတ်ပျောက်နေတဲ့လမ်းကြောင်းက (Critical Thinking, Problem Solving, Creativity) ဆိုတဲ့ အပိုင်းတွေဖြစ်နေပါတယ်။ ဘယ်တုန်းကမှလည်း အဲဒီအဆင့်ရောက်အောင် ကြံဆောင်ဖန်တီး ခွင့်တွေ မပေးထားတဲ့ပညာရေးဖြစ်နေတာကြောင့် ပညာရေးမှာ အောက်ကျ၊ နောက်ကျဖြစ်နေရပါတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။

မြန်မာနိုင်ငံပညာရေးမှာ ဆရာတွေပြန်မေးဖို့လိုတဲ့ မေးခွန်းသုံးခုရှိပါတယ်။

–         ကိုယ်အတန်းထဲမှာ သင်လိုက်တဲ့နည်းစနစ်တွေဟာ အပြင်မှာ လက်တွေ့အသုံးကျနေပြီလား

–         ကိုယ်သင်တဲ့အတန်းက ကျောင်းသား ၉၀ ရာခိုင်နှုန်းလောက်ကို စိတ်ဝင်စားအောင် သင်နိုင်ပြီလား

–         ကိုယ့်အလုပ်ကို တကယ်မြတ်နိုးရဲ့လား

စာသင်သူကို ဗဟိုပြုတဲ့ သင်ကြားရေးစနစ်ဖြစ်လာရင် ဆရာဆိုတာ အဓိကနေရာမှာ မရှိတော့ဘူး။ အတန်းထဲဝင် လာပြီး ဆရာထိုင်တဲ့ခုံမှာထိုင်နေတတ်တဲ့ဆရာဟာ အနာဂတ်ပါရာဒိုင်းမှာ လိုက်ပါစီးဆင်းလို့မရတဲ့ ဆရာတွေ ဖြစ်နေမှာပဲ။ ခေတ်မီတိုးတက်တဲ့နိုင်ငံတွေမှာ ခေတ်မီတိုးတက်တဲ့နည်းပညာနဲ့ စာသင်ခန်းဆိုတာ ဆရာရော ကျောင်းသားတွေပါ ခုန်ပေါက်အော်ဟစ် ရွှင်မြူးပြီး သင်ယူဖို့ အမြဲအဆင်သင့် ပြင်ဆင်နေရတဲ့ စာသင်ခန်းစနစ် ဖြစ်ပါတယ်။ ပညာခေတ်ကို မပြောင်းနိုင်သရွေ့၊ ပညာရေးကို မရွေ့နိုင်အောင် ကျောက်ချထားနေသရွေ့၊ ပညာသင်္ဘောကြီးဟာ သံချေးတက်ပြီး ပြိုကျပျက်စီးသွားတော့မှာ ဖြစ်ပါတယ်။

December 23, 2023
© Copyright 2022 | Developed By Impulse International.