အခုမှ Scholarship စလျှောက်မယ်ဆို ဒီအချက်တွေ သိထားပါ။

Scholarship (ပညာသင်ဆု) လျှောက်ထားခြင်းဟာ ဘဝရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မျက်စိစုံမှိတ် လျှောက်တာထက် စနစ်တကျ ပြင်ဆင်တာက ပိုအရေးကြီးပါတယ်။ ပထမဆုံး လျှောက်မယ့်သူတွေ အတွက် အဆင့်ဆင့် လိုက်နာရမယ့် အချက် ၇ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ

ပညာသင်ဆု လိုချင်တဲ့ အဓိက အကြောင်းရင်း ကို ရိုးသားစွာ ရှာဖွေပါ။

“နိုင်ငံခြားထွက်ချင်ရုံသက်သက်လား?”

“မိသားစုရဲ့ ဘဏ္ဍာရေးဝန်ကို ပေါ့ပါးစေချင်လို့လား?”

“ကိုယ်တကယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို၊ ဒီတက္ကသိုလ်/နေရာမှာပဲ အမှန်တကယ် သင်ယူချင်လို့လား?”

ခိုင်မာတဲ့ ရည်ရွယ်ချက် (True Intention) ရှိမှသာ Scholarship လျှောက်တဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးက စိန်ခေါ်မှုတွေ၊ ကတိကဝတ်တွေ (Commitments) နဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်ခွန်အား မကျဆင်းဘဲ ဆက်လက်ကြိုးစားနိုင်မှာပါ။

၂။ အခွင့်အလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေပါ

Google မှာ “Full Scholarship” လို့ ရိုက်ရှာရုံနဲ့ မလုံလောက်ပါဘူး။ ပိုမို နက်နဲစွာ ရှာဖွေပါ။

ဘာသာရပ်အလိုက် ရှာပါ – သင်ယူချင်တဲ့ ဘာသာရပ်ကို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်က အကောင်းဆုံး ထောက်ပံ့ပေးနိုင်လဲ? Ranking တစ်ခုတည်းကို အခြေမခံပါနဲ့။

ပညာသင်ဆု အမျိုးအစားကို စုံစမ်းပါ- အစိုးရ အဖွဲ့အစည်းတွေအပြင်၊ ပုဂ္ဂလိက ဖောင်ဒေးရှင်းများ၊ NGO များ၊ သီးခြားကုမ္ပဏီများက ပေးတဲ့ လူသိနည်းတဲ့ ပညာသင်ဆုတွေကိုပါ ရှာဖွေပါ။ တစ်ခါတလေ ပိုကောင်းတဲ့ အကျိုးခံစားခွင့်တွေ ရှိတတ်ပါတယ်။

Deadline ကို အလေးထားပါ – လျှောက်လွှာပိတ်ရက်တွေကို ဒိုင်ယာရီ (သို့) Calendar မှာ အနီရောင်ခြစ်ပြီး သေချာမှတ်ပါ။ တစ်ရက် နောက်ကျရင် ဘယ်လောက် ပြည့်စုံနေပါစေ လက်လွတ်သွားနိုင်ပါတယ်။

၃။ စာရွက်စာတမ်း ပြင်ဆင်မှုကို စောစောစတင်ပါ

လျှောက်လွှာ စစ်ဆေးသူတွေအတွက် သင်ရဲ့ ပထမဆုံး အထင်အမြင် (First Impression) ဟာ သင်တင်ပြတဲ့ စာရွက်စာတမ်းများ (Documents) ပဲ ဖြစ်ပါတယ်။

အဓိကလိုအပ်ချက်များ – Transcript (အမှတ်စာရင်း), IELTS/TOEFL (ဘာသာစကားကျွမ်းကျင်မှု), Recommendation Letter (ထောက်ခံစာ) များကို အချိန်ယူပြီး ကြိုတင်ပြင်ဆင်ပါ။ ထောက်ခံစာအတွက် ယုံကြည်ရတဲ့ ဆရာ/ဆရာမကို ရွေးချယ်ပြီး အချိန်ပေး တောင်းဆိုပါ။

SOP/Motivation Letter ကို အကောင်းဆုံးရေးပါ

“ကျွန်တော့်ကို ရွေးပေးပါ” ဟု တောင်းဆိုသည့် ပုံစံမျိုးကို ရှောင်ပါ။

သင်ဘာကြောင့် ဒီဘာသာရပ်ကို စိတ်ဝင်စားကြောင်း၊ ဘာကြောင့် ဒီတက္ကသိုလ်ကိုပဲ ရွေးချယ်ချင်ကြောင်း၊ နှင့် အနာဂတ်မှာ သင်ယူခဲ့တာတွေကို ဘယ်လိုအသုံးချပြီး ပြန်လည်ပေးဆပ်မလဲ ဆိုတာကို ကိုယ်ပိုင်ဟန် (Authentic Voice) ဖြင့် ယုံကြည်ချက်ရှိရှိ ရေးပါ။ သင့်ရဲ့ Passion (စိတ်အားထက်သန်မှု) ကို ဖော်ပြပါ။

CV/Resume ကို အသေးစိတ်ထည့်သွင်းပါ – ကျောင်းတက်စဉ် လုပ်ခဲ့ဖူးသည့် လုပ်ငန်းအတွေ့အကြုံ၊ စေတနာ့ဝန်ထမ်းအလုပ်၊ ပါဝင်ခဲ့သည့် Project များ၊ ရရှိခဲ့သည့် ဆုများအပြင်၊ အွန်လိုင်း သင်တန်းများ (Online Courses) နှင့် အသိအမှတ်ပြု လက်မှတ်များကိုပါ ထည့်သွင်းဖော်ပြပါ။

၄။ ပညာသင်ဆုဟောင်း ရရှိသူများနှင့် ချိတ်ဆက်ပါ

သင်လျှောက်မည့် ပညာသင်ဆုကို ယခင်က ရရှိခဲ့ဖူးသော ကျောင်းသားဟောင်းများကို (Facebook Group များ၊ LinkedIn များတွင်) ရှာဖွေပြီး ဆက်သွယ်ပါ။

သူတို့ရဲ့ အတွေ့အကြုံက အဖိုးတန်ပါတယ် – စာအုပ်ထဲမှာ မပါဝင်တဲ့ လက်တွေ့ အခက်အခဲများ၊ လျှောက်ထား ရာတွင် သတိထားရမည့် အချက်များနှင့် ကတိကဝတ်များ (Bond/Commitment) ရဲ့ အတိုင်းအတာကို မေးမြန်းစုံစမ်းပါ။ သူတို့ရဲ့ အကြံဉာဏ်တွေဟာ သင့်ကို အများကြီး အထောက်အကူပြုပါလိမ့်မယ်။

၅။ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းစွာ စစ်ဆေးပါ

“Full Scholarship” ဆိုသည့် စကားလုံးကို မျက်စိစုံမှိတ် မယုံပါနှင့်။

အသေးစိတ် စစ်ဆေးပါ – လေယာဉ်လက်မှတ်၊ Visa ကြေး၊ ကျန်းမာရေး အာမခံ (Health Insurance)၊ လေ့လာရေးပစ္စည်း စရိတ်များ (ဥပမာ- Laptop) နှင့် လစဉ် ထောက်ပံ့ကြေး (Stipend) သည် နေထိုင်စရိတ်နှင့် လုံလောက်မှု ရှိ/မရှိ ကို သေချာစွာ တွက်ချက်ပါ။

နေထိုင်စရိတ် သုတေသနလုပ်ပါ – သွားရောက်မည့်နိုင်ငံ၊ အထူးသဖြင့် မြို့ကြီးပြကြီးများ၏ တကယ့် လက်တွေ့ နေထိုင်စရိတ် (Cost of Living) ကို သေချာ ရှာဖွေပါ။

အရေးပေါ်ရန်ပုံငွေ ပြင်ဆင်ပါ – မမျှော်လင့်ထားသော အခြေအနေများအတွက် အရေးပေါ်ငွေ (Emergency Fund) ကို မိသားစုနှင့်တိုင်ပင်၍ အနည်းဆုံး မည်မျှရှိထားသင့်ကြောင်း တွက်ချက်ပြီး စုဆောင်းပါ။

၆။ စိတ်ပိုင်းဆိုင်ရာနှင့် အနာဂတ် ပြင်ဆင်မှုများကို သေချာစဉ်းစားပါ

ပညာသင်ဆု ရရှိခြင်းသည် စာသင်ရုံသက်သက် မဟုတ်ပါ။

စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ- နိုင်ငံခြားရောက်လျှင် အထီးကျန်ခြင်း၊ ယဉ်ကျေးမှုမတူညီမှု (Culture Shock) တို့ကို ရင်ဆိုင်နိုင်ရန် မိမိလူမျိုး အသိုင်းအဝိုင်း သို့မဟုတ် နိုင်ငံတကာ ကျောင်းသားအဖွဲ့အစည်းများ ကို ရှာဖွေချိတ်ဆက် ရန် ပြင်ဆင်ပါ။

ပညာသင်ဆု ထိန်းသိမ်းခြင်း၏ ဖိအား- Scholarship ရပြီးနောက် သတ်မှတ်ထားသော GPA ကို ထိန်းနိုင် ခြင်းမရှိပါက ရုတ်တရက် ရပ်စဲခံရနိုင်သည့် ဖိအားရှိသည်။ Mental Health Support (စိတ်ကျန်းမာရေး ထောက်ပံ့မှု) များ ရနိုင်/မရနိုင် ကြိုစဉ်းစားထားပါ။

ကတိကဝတ် (Bond/Return Commitment) – ပညာသင်ဆုအချို့သည် ပြန်လာပြီးနောက် နှစ်အတန်ကြာ သတ်မှတ်ထားသော အလုပ် (ဥပမာ- အစိုးရဌာနတွင် လစာနည်းဖြင့်) လုပ်ရန် တောင်းဆိုတတ်သည်။ ထိုကတိကို တကယ် လိုက်နာနိုင်/မနိုင်၊ သို့မဟုတ် လိုက်နာရန် မလိုသည့် ပညာသင်ဆုဆိုလျှင် ငွေကြေးပြန်ပေးရပါက ပေးနိုင်/မပေးနိုင် စသည်တို့ကို ပညာသင်ဆု မလျှောက်မီကပင် အလေးအနက် စဉ်းစားပါ။

၇။ “မရမချင်း ကြိုးစား” သော်လည်း ရလဒ်တစ်ခုတည်းကို အားမထားပါနှင့်

အပြိုင်အဆိုင်များသောလမ်း –  ပညာသင်ဆု လျှောက်ထားခြင်းသည် ယှဉ်ပြိုင်မှု အလွန်များသော လမ်းဖြစ်သည်ကို လက်ခံပါ။ သင်မည်မျှပင် ထူးချွန်ပြီး စိတ်အားထက်သန်စေကာမူ မရရှိသည်များ ဖြစ်နိုင်ပါသည်။

ငြင်းပယ်ခံရခြင်း – “မရဘူး” ဟူသော စာကို ရရှိလျှင် စိတ်မကောင်းဖြစ်နိုင်သော်လည်း ရှုံးနိမ့်ခြင်း မဟုတ်ပါ။ Feedback တောင်းခံပါ၊ နောက်တစ်ကြိမ် လျှောက်ထားရန် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ခွင့် ရပါသည်။ ပညာသင်ဆု မဟုတ်ဘဲ တခြားသော လမ်းကြောင်းများလည်း ရှိပါသေးသည်။

ပညာသင်ဆုကို လက်ခံမည့် အချိန်တွင် Terms & Conditions (စည်းမျဉ်းစည်းကမ်းများ) ကို အတိအကျဖတ်ပါ။ လိုက်နာရမည့် စည်းကမ်းများ၊ လိုအပ်သော GPA၊ အလုပ်လုပ်ခွင့်၊ ပြန်ပေးဆပ်ရမည့် အရာများ (သို့မဟုတ်) ပြန်လာရမည့် အချိန်သတ်မှတ်ချက်များကို သေချာနားလည်အောင် ဖတ်ပါ။

နားမလည်တာရှိလျှင် မရှက်ပါနှင့်။ ကြိုတင်မေးမြန်းပါ။ နိုင်ငံခြားရောက်ပြီးမှ ပြဿနာပေါ်လျှင် ပိုမိုဖြေရှင်းရခက်ခဲ ပါသည်။ မိသားစုနှင့်ပါ တိုင်ပင်ဆွေးနွေးပါ။

Scholarship ဆိုတာ အခွင့်အရေးများစွာနဲ့ စိန်ခေါ်မှုများစွာကို တစ်ပြိုင်နက်တည်း ယူဆောင်လာတဲ့ တံခါး တစ်ချပ်ပါ။ သေချာပြင်ဆင်၊ သေချာရှာဖွေ၊ သေချာလျှောက်ထားပါ။

December 16, 2025
© Copyright 2022 | Developed By Impulse International.