GKS Undergraduate and Postgraduate Scholarship – (February)

Government of Korea Scholarships (GKS) လို့ခေါ်တဲ့ ကိုးရီးယားအစိုးရကနေပေးတဲ့ ပညာသင်ဆုဟာဆိုရင် ကိုးရီးယားမှာ Bachelor or Master Degree တစ်ခုခုသွားတက်ဖို့ စိတ်ကူးရှိတဲ့ မြန်မာကျောင်းသားတွေ အတွက် အရမ်းကောင်းတဲ့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီပညာသင်ဆုကို လျှောက်ထားချင်တဲ့သူတွေ ပြင်ဆင်ထားရမဲ့အပိုင်းမှာတော့ တစ်ခြားပညာသင်ဆု တွေထက် ပိုပြီး စိန်ခေါ်မှုများနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပညာသင်ဆုကို လျှောက်ထားဖို့ ဆိုရင် High school Diploma အမှတ် (သို့) တက္ကသိုလ် အမှတ်စာရင်း (GPA) စတာတွေက စုစုပေါင်း ပေးမှတ်ရဲ့ (၈၀) ရာခိုင်နှုန်းရထားတဲ့ ကျောင်းသားတွေ ဖြစ်ဖို့လိုအပ်တာပါ။

တစ်နည်းအားဖြင့် ထူးချွန်ကျောင်းသားတွေ ကို ဦးစားပေးရွေးချယ်တဲ့ သဘောဖြစ်ပါတယ်။ ဒီ့အပြင် TOPIK လို့ခေါ်တဲ့ ကိုးရီးယားဘာသာစကား Level 3 နဲ့အထက် ရှိထားတဲ့သူကို ပိုဦးစားပေးလေ့ရှိပါတယ်။ တစ်ချို့ ဒီပညာသင်ဆုလျှောက်တဲ့ အချိန်မှာပဲ Level 5 or 6 ရှိတယ်ဆိုရင် ဘာသာစကား ကျွမ်းကျင်မှုအတွက် တစ်လကို ထောက်ပံ့ကြေးအပို (100,000 KRW ) ရမှာဖြစ်ပါတယ်။ (နိုင်ငံတစ်ခုအနေနဲ့ သူတို့ရဲ့ ဘာသာစကားကို ဘယ်လောက်တန်ဖိုး ထားတယ်ဆိုတာကို မြင်နိုင်ပါတယ် ) ကိုယ်က IELTS or TOEFL တစ်ခုခုရှိထားရင်လည်း လျှောက်ထားလို့ရပါတယ်။

သို့ပေမဲ့ တက္ကသိုလ်မှာ ကျောင်းမတက်ခင် ကိုးရီးယားဘာသာစကားကို တစ်နှစ်အရင်တက်ရောက်လေ့လာရမှာ ဖြစ်ပါတယ်။ ကန့်သတ်ချက်နောက်တစ်ခုအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး Bachelor Degree အတွက် အသက် (၂၅) နှစ်အောက်၊ Master Degree အတွက် အသက် (၄၀) နှစ်အောက် အသီးသီးရှိဖို့လိုအပ်ပါသေးတယ်။ GKS scholarship မှာနည်းလမ်း (၂) မျိုးနဲ့ပညာသင်ဆု လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ပထမတစ်ခုက ကိုးရီးယားသံရုံးကနေ လျှောက်ထားတာ၊ နောက်တစ်ခုက တက္ကသိုလ်တွေကနေ တိုက်ရိုက်လျှောက်ထားတာဖြစ်ပါတယ်။ သံရုံးကနေ လျှောက်တဲ့အခါ ပေးထားတဲ့ တက္ကသိုလ်ပေါင်း (၅၀) ကျော်ရဲ့ ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို လျှောက်ထားနိုင်ပေမဲ့၊ တက္ကသိုလ်တွေကနေ တိုက်ရိုက်လျှောက်မယ်ဆိုရင်တော့ Natural Science & Engineering ဆိုတဲ့ နယ်ပယ်ထဲက ဘာသာရပ်ကိုပဲ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားတဲ့သူတွေအနေနဲ့ သတိချပ်ရမှာက သံရုံးကလျှောက်သည်ဖြစ်စေ၊ တက္ကသိုလ်တွေ ကနေ တိုက်ရိုက်လျှောက်သည် ဖြစ်စေ၊ တက္ကသိုလ်တစ်ခုရဲ့အောက်က ဌာနတစ်ခုကိုပဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ GKS scholarship အတွက် ကျောင်းအများကြီး၊ ဌာနအများကြီးကို လျှောက်ထားမိတဲ့အခါ ကိုယ့်ရဲ့ application ကဖျက်သိမ်းခံရမှာဖြစ်ပါတယ်။

ဒီပညာသင်ဆုကိုတော့ Master အတွက် (၁၅) ယောက်နဲ့ Bachelor အတွက် (၇) ယောက်ဝန်းကျင် နှစ်စဉ်ရွေးချယ်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ Fully funded scholarship တစ်ခုဖြစ်တဲ့အတွက် ကျောင်းကျူရှင်စရိတ် ၊ ခရီးအသွားအပြန်စရိတ်၊ နေထိုင်စရိတ် ၊ ကိုးရီးယားဘာသာစကား သင်တန်းစရိတ်အပြင် အခြားကျန်းမာရေးအသုံးစရိတ် စသည်ဖြင့် ကျောင်းပြီးသည်အထိ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

သတင်းကောင်းအနေနဲ့ ဒီပညာသင်ဆုကို အရင်ကလို စာတိုက်ကနေ လျှောက်စရာမလိုတော့ပါဘူး။ အခုလို ကပ်ရောဂါကာလအတွင်း Google drive ကနေ သူတို့ပေးထားတဲ့ အောက်ကလင့်မှတစ်ဆင့် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လင့်က အဆင်မပြေရင် GKS ကို websites မှာအလွယ်တကူသွားရှာပြီးလျှောက်ထားနိုင်ပါတယ်။

Application periods: September 17 to October 20th (Bachelor) / Mid February (Master)
https://docs.google.com/…/1FAIpQLScqDyYwY…/viewform

January 7, 2022
© Copyright 2022 | Developed By Impulse International.