Bali ကို ဘာကြောင့်သွားသင့်တာလဲ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဆီကို ဘာလို့ သွားသင့်တာလဲ ဆိုတော့ အကြောင်းတွေက ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်တော့မယ် ။ လှလည်း လှတယ် ။ လေ့လာစရာတွေလည်း အများကြီးရှိတယ် ။ ပျော်စရာကောင်းတဲ့ အစီအစဥ်တွေလည်း အများကြီး လုပ်လို့ရတယ် ။ ဗဟုသုတရော ၊ သဘာဝရနံ့ရော ၊ တောတောင် ရှုခင်းရော၊ ရိုးရာ ယဥ်ကျေးမှုတွေရော၊ ကမ်းခြေရော အားလုံးခံစားနိုင်မှာ ဖြစ်လို့ပါပဲ ။

သူ့ဆီကို သွားမယ် ဆိုရင် Denpasar လေဆိပ်မှာ ဆင်းသက်ရမှာဖြစ်ပါတယ် ။

ကမ်းခြေများ ကို အရင်လေ့လာကြည့်နိုင်ပါတယ် …. ။

ကမ်းရိုးတန်းရှည်လျားတဲ့ ဘာလီမှာ ကမ်းခြေတွေ အမြောက်အများ တည်ရှိနေပါတယ် ။

ဒါပေမဲ့ ပိုမိုစည်ကားပြီး Sunset ကြည့်လို့ရတဲ့ အနောက်ဘက် ကမ်းခြေများမှာ တည်းခိုကြတာများပါတယ် ။

အနောက်ဖက် ကမ်းခြေတစ်ခုဖြစ်တဲ့  Kuta Beach မှာပဲ တည်းခိုမယ်ဆိုရင်။ ကူတာကမ်းခြေဟာ လေဆိပ်နဲ့ အနီးဆုံးဖြစ်ပြီး attraction point တွေကို သွားဖို့အတွက် ပိုလွယ်ကူတဲ့နေရာ ဖြစ်ပါလိမ့်မယ်၊

တည်းခိုဖို့စဥ်းစားတဲ့အခါ ….

လည်ပတ်ဖို့ အဓိကထားသူတွေကတော့ ဟိုတယ်ကို 3stars or 4 stars ဆို လုံလောက်ပါတယ် ။ အိပ်ရုံပဲဆိုတော့ သိပ်ကောင်းဖို့ မလိုဘူးလေ ။ ဒါပေမဲ့လည်း ဟိုတယ်တွေက အရမ်းသန့်ပြန့်ပါတယ် ။ ညဘက်မှာ ကမ်းခြေကို စီးမျော ခံစားနိုင်သလို အနီးဝန်းကျင်မှာ ရှိတဲ့ စျေးဆိုင်တန်းတွေမှာ လည်ပတ်ဖို့ အဆင်အပြေဆုံးပဲလေ ။

သွားမယ့် လူဦးရေများတယ် ။ အခြား Activities တွေလည်း လုပ်ဦးမယ် ဆိုတဲ့သူတွေအတွက်ကတော့ သီးသန့်လုံးချင်းအိမ်ကလေးတွေလည်း ငှားရမ်းနေထိုင်နိုင်ပါတယ် ။ Agoda တို့ Airbnb တို့မှာ ကိုယ်လိုချင်တဲ့ ပုံစံကို ရွေးချယ်နိုင်ပါတယ် ။ သူကလည်း အဲယာကွန်း၊ ရေကူးကန်၊ ချက်ပြုတ်စရာ မီးဖိုချောင်ကလေးတွေ ပါဝင်ပြီး တချို့ဆိုရင် မနက်စာလည်း ကျွေးပါသေးတယ် ။ ဒါပေမဲ့ သူတို့က ရပ်ကွက်တွေထဲမှာ ရှိနေတာမို့ ညနေခင်း လည်ပတ်ပြီးချိန်မှာ ကမ်းခြေကို ခံစားဖို့တော့ သိပ်မလွယ်ပါဘူး ။

စျေးတွေကတော့ တစ်ညကို US$ 20 ကနေ US$100+ အစားစားရှိပါတယ် ။

လည်စရာပတ်စရာ

မီးတောင်များ — မီးတောင်တွေ လှုပ်ရှားမှု မရှိဘူးဆိုရင် စိတ်ဝင်စားသူတွေ အနေနဲ့ အဲသည်အနီးတဝိုက်ကိုလည်း သွားရောက်လည်ပတ်လို့ရပါတယ် ။ ဘာလီမှာ Active  ဖြစ်နေဆဲ မီးတောင် နှစ်ခု ရှိပါတယ် ။ Mt.Agung နဲ့ Mt.Batur တို့ ဖြစ်ပါတယ် ။ သူတို့ဟာ ကျွန်းရဲ့ အရှေ့ဘက်ခြမ်းမှာ ရှိနေတာ ဖြစ်ပြီး သူ့ဆီကို သွားမယ်ဆိုရင် အချိန်ယူရလို့ တစ်ရက် သီးသန့်သွားမှ အဆင်ပြေမှာ ဖြစ်ပါတယ် ။

Temples — ဘာလီမှာ ဟိန္ဒူကိုးကွယ်သူတွေ အများအပြားရှိနေတဲ့အလျောက် ဟိန္ဒူဘုရားကျောင်းနဲ့ အဆောက်အဦီးတွေကို နေရာအနှံ့တွေ့ရမှာ ဖြစ်ပါတယ် ။ အနုပညာလက်ရာမြောက်မှုနဲ့ လှပတဲ့ ရှုခင်းများကြောင့် အခြားဘာသာဝင်တွေကိုလည်း စိတ်ကြည်ရွှင်မှုများကို ပေးစွမ်းနိုင်ပါတယ် ။ အဲဒီနေရာတွေကို သွားရင် သူတို့ ပေးတဲ့ အဝတ်စပိုင်းလေးတွေ ငှားဝတ်ရပါတယ် ။ နေရာအလိုက် အရောင်နဲ့ ဒီဇိုင်းလေးတွေ ကွာပါတယ် ။ ဝတ်ပုံဝတ်နည်းလေးတွေလည်း သင်ပေးပါတယ် ။ အထူးအဆန်းမို့ ဝတ်ရတာ ပျော်စရာပါ ။

အများဆုံး လည်ပတ်ကြတဲ့ နေရာတွေကတော့

Uluwatu Temple _ သူက အနောက်ဘက်ကမ်းရိုးတန်းရဲ့ အစွန်ဆုံးနေရာမှာ ရှိနေပြီး အလှဆုံးနေရာပါပဲ ။ မျောက်တွေတော့ ကြောက်ရပါတယ် ။ ကျွန်မတို့သွားတုန်းကဆိုရင် မျောက်က လူရဲ့ လက်ထဲက ဖုန်းကိုလုပြေးတာ တွေ့ခဲ့ရတယ် ။ လှတာကတော့ ဘာလီမှာ အလှဆုံးနေရာလို့တောင် ဆိုချင်ပါတယ် ။

Tanah Lot Temple _ သူလည်း အနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိပါတယ် ။ သီးခြားကျွန်းကလေးလိုတည်ရှိနေပြီး ရေထဲကနေ ဖြတ်လျှောက်သွားရပါတယ် ။ ရေတက်နေချိန်မှာတော့ သွားလို့မရပါဘူး ။ ရေတက်ချိန်မှာ လှိုင်းအရမ်းကြမ်းတဲ့အတွက် သွားခွင့်မပြုပါဘူး ။

Tirta Empul Temple _ Holy water spring ရှိပါတယ် ။ ရေကန်််ထဲအထိ ဆင်းရပါတယ် ။ အဲသည်ရေးနဲ့ ရေချိုးရင် ကျန်းမာရေးအတွက်ကောင်းမွန်တယ်လို့ ယုံကြည်ကြပါတယ် ။ ရေကတော့ မသန့်ပါဘူး ။ ရေကန်ထဲဆင်းပြီးရင် ရေသန့်ပြန်ချိုးလို့ မရတဲ့အပြင် အဝတ်အစားလဲဖို့လည်း သိပ်တော့့ အဆင်မပြေပါဘူး ။

Besakih Temple _ သူကတော့ အာဂွန်မီးတောင်ရဲ့ အနီးမှာ ရှိနေတာ ဖြစ်ပါတယ် ။

Elephant Cave _ သူလည်း ကုန်းတွင်းပိုင်းမှာ ရှိနေတဲ့ ဘုရားကျောင်းပါပဲ ။ အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ဂူထဲကို မဝင်ဖို့ တားမြစ်ထားပါတယ် ။

Ubad Royal Palace _ ရှေးခေတ်အခါ သူတို့ရိုးရာ နေထိုင်မှုပုံစံများကို လက်တွေ့ ခံစားသိရှိနိုင်တဲ့ နေရာပါပဲ ။

Garuda Wisnu Kencana _ ယဥ်ကျေးမှုဥယျာဥ်တစ်ခု ဖြစ်ပြီး ဂဠုန်မင်းရဲ့ ရုပ်ထုထားရှိပါတယ် ။ ဒဏ္ဋာရီလာ ရုပ်ထုများကို ပြတိုက်လို ပြသထားပြီး ရိုးရာယဥ်ကျေးမှု တူရိယာများနဲ့ ဧည့်ခံကြိုဆိုပါတယ် ။

Traditional Scenery — ဘာလီဟာ မြေဆီသြစာ ကောင်းမွန်တဲ့ မြေမို့ စိမ်းစိုသာယာလှပလွန်းပါတယ် ။ သဘာဝရှုခင်းတွေအပြင် လူတို့ စိုက်ပျိုးထားတဲ့ တောင်ယာတွေကလည်း စိတ်ဝင်စားစရာပါပဲ ။ ဒါကြောင့် ရိုးရာရွာကလေးတွေကိုလည်း ခရီးသွားတွေ သွားရောက်လည်ပတ်ကာ လေ့လာနိုင်ပါတယ် ။

သွားလည်သင့်တဲ့ နေရာတွေကတော့

Ubud monkey forest _ Adventure ကြိုက်သူတွေအတွက် စိတ်ကြိုက်တွေ့မယ့် နေရာပါပဲ ။ သဘာဝရဲ့ ထိတွေ့မှုကိုလည်း ကောင်းစွာခံစားရပါတယ် ။ ကုန်းတွင်းပိုင်းနေရာမှာ ရှိနေတာကြောင့် သူ့ဆီကို သွားမယ်ဆိုရင် Tirta Empul Temple တို့ ၊ Elephant Cave တို့ဆီသွားတဲ့အခါ ဝင်ဖို့ လမ်းကြောသင့်ပါတယ် ။

Tegalalang Rice Terraces _ သူကလည်း monkey forest နဲ့ သိပ်မဝေးပါ ။ ရွာထဲမှာလည်ပတ်ပြီး သူတို့ ရိုးရာယဥ်ကျေးမှုတွေကို လေ့လာခံစားနိုင်မှာ ဖြစ်ပါတယ် ။

Activities — ဘာလီဟာ ကမ်းခြေရော ၊ တောတောင်တွေရော ရှိနေတဲ့အတွက် ပျော်စရာကောင်းတဲ့ Activities တွေ လုပ်စရာ အများကြီးပါပဲ ။ အေဂျင်စီတွေ အများအပြားရှိတာမို့ ကိုယ်တည်းတဲ့ ဟိုတယ်တွေမှာပဲ ကိုယ်သိချင်တာတွေ မေးမြန်းစုံစမ်းနိုင်ပါတယ် ။ တစ်ခုတော့ ရှိတယ် ။ စျေးဆစ်ပါ ။ အများကြီး ဆစ်ပါ ။

Water Rafting , Parasailing , Scuba Diving, Speed boat, Sea walk, Zip Line, Tree top adventure, E-bike Tour, Quad bike, snorkeling စတဲ့ မကုန်ဆုံးနိုင်သော Activities တွေကို လုပ်လို့ရတာကြောင့် အကြာကြီးတောင် နေချင်သွားမှာပါ ။  မီးတောင်တွေသာ ဘာမှ မလှုပ်ရှားဘဲ အန္တရာယ်မရှိချိန်မှာ ဆိုရင် မနက်နေထွက်တာကြည့်ဖို့ သွားတဲ့ အစီအစဥ်တွေရှိပါတယ် ။ Mount Ijen ပေါ်ကို တက်ပြီး ထူးခြားလှပတဲ့ အပြာရောင် အလင်းတန်းတွေကို သီးသန့်သွားကြည့်လို့ ရပါတယ် ။

Food —-

Dirty Dark _ ဘာလီမှာ ထူးထူးခြားခြား မြင်မိတဲ့ အစားအစာကတော့ အဲဒါပါပဲ ။ ဆိုင်တိုင်းလိုလိုမှ တွေ့ရတော့ နာမည်ကြောင့် ထူးဆန်းပြီး စားကြည့်ဖြစ်ခဲ့ပါတယ် ။ ကြက်သံပုံးကင်လို အရသာပါ ။ နာမည်နဲ့ လိုက်အောင် တမင်ချန်ထားတာလား၊ ရွာအငွေ့အသက်လေးရအောင် ထားခဲ့တာလားတော့ မသိ ။ အမွေးလေးတွေကျန်နေတာတော့ တွေ့ရတယ် ။

Sunset Dinner_ ဟုတ်တာပေါ့။ ဘာလီကို လာပြီဆိုမှတော့ ဒီအရသာကို ခံစားမှဖြစ်မယ် ။ ကမ်းခြေမှာ နေဝင်တာကြည့်ရင်း ပင်လယ်စာတွေကို စားရတာလည်း အဓိပ္ပါယ်တစ်ခုပါ ။ ဆိုင်တွေ အများကြီးရှိပါတယ် ။

ဝယ်စရာလက်ဆောင်

Dream Catcher_ ပုံစံအမျိုးအမျိုး၊ အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ လှပစွာ ဖန်တီးထားသလို ပေါ့ပေါ့ပါးပါး သယ်နိုင်လို့ လက်ဆောင်ပေးဖို့ အကောင်းဆုံးပစ္စည်းလေးတွေပါပဲ ။

Soap_ဘာလီက Spa နာမည်ကြီးတာမို့ ဆပ်ပြာခဲလေးတွေကို ပုံစံမျိုးစုံနဲ့ ထုတ်လုပ်ရောင်းချနေတာတွေ့ရပါတယ် ။ ဆပ်ပြာလေးတွေကို ထုပ်ပိုးတဲ့အခါ သူတို့ဒေသရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ တရုတ်စကားပွင့်ကလေးတွေ ထည့်ပြီး ထုပ်ပိုးလေ့ရှိတယ် ။ အမွှေးဆီလေးတွေလည်း ရှိပေမဲ့ လေယာဥ်နဲ့ သယ်ဖို့ကျတော့ အခဲက ပိုပြီး အဆင်ပြေပါတယ် ။

Batik_ အင်ဒိုနီးရှားရောက်မှတော့ ပါတိတ်ကလေးတော့ ဝယ်ရပေလိမ့်မယ် ။ စျေးအနေနဲ့ သက်သာတယ်လို့ မဆိုနိုင်ပေမဲ့ အရောင်အသွေး၊ အဆင်ဒီဇိုင်းတွေ ပိုပြီး စုံလင်ပါတယ် ။ ဝမ်းဆက်အစနဲ့ ဒီဇိုင်းတူ ပဝါလေးတွေ တွဲဖက်ရောင်းချတာလည်း ရှိတယ် ။ လူငယ်တွေ၊ နိုင်ငံခြားသားတွေပါ ဝတ်နိုင်အောင် ဂါဝန်၊စကတ်လေးတွေကို ခေတ်မီဒီဇိုင်းတွေ ချုပ်လုပ်ထားတာ အားလုံးက ဝယ်ချင်စရာပါပဲ ။ စျေးမချိုသော်လည်း ဝယ်ခဲ့ပါ ။ အဲဒါမျိုးက တခြားဘယ်နိုင်ငံမှာမှ ထပ်ပြီး ဝယ်ဖို့ မလွယ်ကူပါဘူး ။

Transport

လည်စရာပတ်စရာတွေများသလောက် ခရီးတွေကလည်း ဝေးတာမို့ ကားတစ်စင်ဆးတော့ ငှားရမှာပါပဲ ။ ကိုယ်တည်းတဲ့ ဟိုတယ်မှာပဲ မေးနိုင်ပါတယ် ။ တစ်ရက်ကို US$50 ကနေ US$80 အတွင်း ကျသင့်မှာ ဖြစ်ပါတယ် ။ သူငယ်ချင်း အဖွဲ့လိုက်ဆိုရင်တော့ သိပ်မကုန်နိုင်ပါဘူး ။

သည်လောက်ဆိုရင် ဘာလီကို ဘာကြောင့် သွားသင့်ကြောင်း လုံလောက်ပြီထင်ပါတယ် ။ ကပ်‌ရောဂါကြီး ပြီးသွားတဲ့အခါ သွားရမယ့် Bucket List ထဲကို ခုပဲ ထည့်ထားလိုက်တော့နော် ။

December 17, 2023
© Copyright 2022 | Developed By Impulse International.