Child’s Dream Scholarship – (December)

Child’s Dream Foundation ဆိုတာဘယ်လိုအဖွဲ့အစည်းမျိုးလဲ?

Switzerland နိုင်ငံအခြေစိုက်ဖြစ်တဲ့ Child Dream Association ဟာဆိုရင် Myanmar, Cambodia, Laos နဲ့ Thailand တို့မှာ အခြေခံပညာ၊ အဆင့်မြင့်ပညာ နဲ့ ကျန်းမာရေး စတဲ့အခန်းကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရားဝင်လည်ပတ်လုပ်ဆောင်နေတဲ့ Non-profit Organization တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွေမှာ ရုံးခွဲတွေရှိပြီး မြန်မာနိုင်ငံမှာဆိုရင် လိုအပ်တဲ့နေရာတွေမှာ ကျောင်းဆောက်လုပ်ပေးပြီး သင်ကြားရေးအတွက်လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းတွေပံ့ပိုးပေးတာမျိုး၊ ည်Vocational training centers တွေဖွင့်လှစ်သင်ကြားပေးတာမျိုး၊ လူငယ်ကျောင်းသားတွေအတွက် နိုင်ငံခြားပညာတော်သင်သွားရောက်နိုင်ရန် ပညာသင်ဆုတွေ ထောက်ပံ့ပေးတာအပြင် မြန်မာပြည်တွင်းတက္ကသိုလ်တွေမှာ တက်ရောက်သင်ကြားဖို့ ငွေကြေးလိုအပ်တဲ့ ကျောင်းသားတွေကို ပညာသင်စရိတ်ထောက်ပံ့ပေးတာမျိုးနဲ့ အခြားသော ကျန်းမာရေး အခန်းကဏ္ဍအများအပြားမှာလည်း အကျိုးပြုထောက်ပံ့နေတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါတယ်။

ဒီတစ်ခေါက်ဝေမျှပေးသွားမဲ့အကြောင်းအရာကတော့ Child’s Dream Foundation ရဲ့ projects အများကြီးထဲက တစ်ခုဖြစ်တဲ့ အဆင့်မြင့်ပညာအတွက် နိုင်ငံခြားပညာတော်သင်သွားနိုင်ဖို့ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတစ်ခုအကြောင်းပဲဖြစ်ပါတယ်။

2022 – 2023 ပညာသင်နှစ်အတွက် Child’s Dream Scholarship ဆိုတာဘာလဲ?

Child’s Dream Scholarship ဟာ မြန်မာကျောင်းသားအများစုနဲ့ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာကျောင်းသားတွေအတွက် (၁၀၀) ရာခိုင်နှုန်းပညာသင်ဆုအဖြစ် အထူးသီးသန့်ပေးတဲ့ အဖွဲ့အစည်းအများအပြားမရှိသေးတာကြောင့်လို့ ဆိုနိုင်ပါတယ်။ ဟုတ်ပါတယ် ဒီတစ်ခေါက်ဝေမျှပေးမဲ့ Child’s Dream scholarship ဟာ Fully funded scholarship ဖြစ်ပါတယ်။

ဒီပညာသင်ဆိုကိုတော့ မြန်မာကျောင်းသားတွေအနေနဲ့ ထိုင်းနိုင်ငံတက္ကသိုလ်များသို့ Bachelor Degree အတွက် စရိတ်ငြိမ်းသွားရောက်ပညာသင်ကြားနိုင်ဖို့ကို ရည်ရွယ်တာဖြစ်ပါတယ်။ ဒီပညာသင်ဆုကို ရထားတဲ့ကျောင်းသားအနေနဲ့ ပညာသင်နှစ် (၄) နှစ်စာ ကျောင်းပြီးတဲ့အထိ ကျောင်းကျူရှင်စရိတ်၊ ကျောင်းတက်နေစဉ်လိုအပ်မဲ့ သင်ထောက်ကူပစ္စည်းတွေအားလုံး (Uniforms, books, stationary) ကို ထောက်ပံ့ပေးတာအပြင်၊ နေထိုင်စရိတ် (rent, food, transportation) နဲ့ အခြား emergency တွေအတွက် ကုန်ကျစရိတ်စသည်ဖြင့် အစစအရာရာအသေးစိတ်ကစ ထောက်ပံ့ပေးတဲ့ ပညာသင်ဆု တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ဆုံး ဗီဇာလျှောက်ထားတဲ့ကုန်ကျစရိတ်ကိုတောင် ထောက်ပံ့ပေးတဲ့ အထူးကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပညာသင်ဆုမှာ အကန့်အသတ် တစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ ဒီပညာသင်ဆုလျှောက်ထားချင်တဲ့သူအနေနဲ့ သူတို့ပေးထားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေထဲက ဘာသာရပ်တွေကိုပဲ သွားရောက်သင်ကြားမှ ပညာသင်ဆုရမှာ ဖြစ်ပါတယ်။ Child’s Dream Scholarship ကိုတော့ အောက်ကတက္ကသိုလ်နဲ့ဘာသာရပ်တွေကိုပဲ ပေးတာဖြစ်တဲ့အတွက် တစ်ချို့အတွက် အဆင်မပြေတာမျိုးတော့ ရှိနိုင်ပါတယ်။

  • Asia-Pacific International University – Education in Teaching
  • Bangkok University – Communication strategy and Ideation
  • Bangkok University – Innovative Media Production
  • Chiang Mai University – Social Science
  • Chiang Mai University – Economics
  • Chiang Mai University – Environmental Science
  • King Mongkut – Software Engineering
  • Mae Fah Luang University – Public Health
  • Mae Fah Luang University – Environmental Health
  • Mahidol University – Environmental Science
  • Rangsit University – International Relations and Development
  • Thammasat University – Civil Engineering
  • Thammasat University – Mechanical Engineering
  • Thammasat University – Social Policy and Development
  • Thammasat University – Global Studies and Social Entrepreneurship

စိတ်၀င်စားတဲ့ကျောင်းသားများအနေနဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ ၊ မိမိတို့စိတ်၀င်စားတဲ့ ဘာသာရပ် ၂ ခုကို ဖောင်ဖြည့်တဲ့အခါမှာ ရွေးချယ်ဖြည့်ထားနိုင်ပါတယ်။ ပြီးရင်တော့ အဲ့ဒီ ဘာသာရပ် ၂ ခုအတွက် သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ၀င်ခွင့် လျှောက်ထားရမှာဖြစ်ပါတယ်။ ဒါကြောင့်ကျောင်းသားများအနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်နဲ့တက္ကသိုလ်တွေအကြောင်းကို ဖောင်မဖြည့်ခင်မှာ တိတိကျကျ သိရှိဖို့လိုအပ်နေပြီး ၀င်ခွင့်ရနိုင် မရနိုင်တာတွေ၊ လိုအပ်ချက်တွေကိုပါ သေချာ သုံးသပ်၊ စုံစမ်းပြီးမှ ရွေးချယ်သင့်ပါတယ်။

Child’s Dream Scholarship လျှောက်ထားဖို့ဘာတွေလိုအပ်လဲ?

ဒီပညာသင်ဆုကိုတော့ မြန်မာကျောင်းသားတွေအတွက် ရည်ရွယ်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ မည်သည့်တိုင်းရင်းသားလူမျိုးမဆိုလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လျှောက်ထားတဲ့သူ အနေနဲ့ အသက် (၃၀) နှစ်ကျော်လို့မရပါဘူး။ အရေးကြီးဆုံးအချက်တစ်ခု အနေနဲ့ ဒီပညာသင်ဆုကို လျှောက်ထားတဲ့သူဟာ အမှန်တကယ် ငွေရေးကြေးရေးခက်ခဲတဲ့ မိသားစုကဖြစ်ပြီး၊ ပညာသင်စရိတ် မတတ်နိုင်တဲ့သူဖြစ်ရပါမယ်။ အခြားသော ပညာသင်ဆုတစ်ခုခုကို ရရှိထားတဲ့သူဖြစ်လို့လည်းမရပါဘူး။

လျှောက်ထားတဲ့သူအနေနဲ့ ပညာသင်နှစ် (၁၂) တန်းအထိ ရောက်ရှိထားကြောင်း အသိအမှတ်ပြုတစ်ခုခုသို့မဟုတ် သက်သေတစ်ခုခုပြသနိုင်ရပါမယ်။ ဆိုလိုတာက ဆယ်တန်းအောင်ထားရုံနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး တက္ကသိုလ်ဒုတိယနှစ် သို့မဟုတ် ဒုတိယနှစ်အထိ အနည်းဆုံး ပြီးထားတဲ့ကျောင်းသားဖြစ်နေရပါမယ်။ ကိုယ့်အနေနဲ့ အခုမှ ဆယ်တန်းပြီးထားရုံပဲဆိုရင်တော့ GED test ကိုဖြေပြီး ဒီပညာသင်ဆုကိုလျှောက်ထားနိုင်ပါတယ်။ လိုအပ်ချက်နောက်တစ်ခု အနေနဲ့ကတော့ အင်္ဂလိပ် (သို့) ထိုင်း ဘာသာရပ်တစ်ခုခု တတ်မြောက်ထားဖို့ လိုမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပညာသင်ဆုကို လျှောက်ဖို့ဆိုရင် IELTS, TOFEL မဖြစ်မနေရှိထားဖို့မလိုပါဘူး။

Child’s Dream Scholarship ကိုဘယ်လိုလျှောက်ထားနိုင်မလဲ?

Child’s Dream ပညာသင်ဆုကိုလျှောက်ထားဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ Passport photo, Myanmar ID, Passport first page, Family household registration (အိမ်ထောင်စုစာရင်း) , Sinature scan, two reference letters, GED or TOFEL or IELTS အပြင် (၁၂) တန်းပြီးထားကြောင်း လက်မှတ်နဲ့အတူ Essay (၃) ပုဒ်ရေးပြီးလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဒီပညာသင်ဆုကိုလျှောက်ဖို့ဆိုရင် အပိုင်းနှစ်ပိုင်းလုပ်ဆောင်ရပါမယ်။ ပညာသင်ဆုလျှောက်ထားမဲ့ သူအနေနဲ့ ပညာသင်ဆုကိုသပ်သပ်၊ ကျောင်းဝင်ခွင့်ကိုသပ်သပ် လျှောက်ထားရမှာဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကျောင်းဝင်ခွင့်နဲ့ ပညာသင်ဆုကို တစ်ပြိုင်နက်တည်းလျှောက်ထားနိုင်သလို၊ ပညာသင်ဆုရပြီးမှ ကျောင်းဝင်ခွင့်ကို လျှောက်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျောင်းဝင်ခွင့်ကိုတော့ ကိုယ်တိုင်ပဲရအောင်လျှောက်ထားရမှာဖြစ်ပါတယ်။

ဒီပညာသင်ဆုကိုလျှောက်ထားချင်တဲ့သူတွေအနေနဲ့ အရင်ဆုံး လိုအပ်တဲ့စာရွက်စာတမ်းတွေ အရင်ပြင်ဆင်ထားရပါမယ်။ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ online application ကနေမှတစ်ဆင့် Essay တွေကိုရေးထည့်ပြီး စာရွက်စာတမ်းတွေနဲ့အတူတွဲပြီး submit လုပ်ရမှာဖြစ်ပါတယ်။ လျှောက်ထားတဲ့သူတွေ အနေနဲ့ အောက်ကပေးထားတဲ့ application Link မှတစ်ဆင့် အခုကစပြီး လာမည့် ဖေဖော်ဝါရီလ (၂၈) ရက်၊ ၂၀၂၂ နေ့အထိ နောက်ဆုံးလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
https://docs.google.com/…/1FAIpQLScEAaLod3q…/viewform…

January 23, 2022
© Copyright 2022 | Developed By Impulse International.