ITIL (Information Technology Infrastructure Library) ကိုအရှင်းဆုံးပြောကြမယ်ဆိုရင် IT service management ဖက်မှာအသုံးပြုသင့်တဲ့ လိုက်နာသင့်တဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ကို သေသေ ချာချာစနစ်တကျလေ့လာ ပြုစုထားတဲ့ Framework တစ်ခုဖြစ်ပါတယ်။ သူ့အတိုင်း လိုက်လုပ်ရမယ်လို့မဆိုလိုပါဘူး ဒါပေမယ့် Best Practice/ recommendations လို့ဆိုထားတဲ့အတွက် သူရဲ့လုပ်ဆောင်ပုံတွေအတိုင်း လိုက်လုပ်နိုင်ရင် အမှားအယွင်းနဲတဲ့ IT services operation တစ်ခုကို လုပ်ငန်းရဲ့လိုအပ်ချက်အတိုင်း လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ စတင်အသက်သွင်းခဲ့တာကတော့ ၁၉၈၀ ခန့်က UK အစိုးရရဲ့ CCTA (Central Computer and Telecommunications Agency) ဖြစ်ပါတယ်။ ITIL v1 အနေနဲ့စခဲ့တာဖြစ်ပြီး အခုဆိုရင် ITIL v3 ကိုအဓိကမှီငြမ်းပြီး အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ Certificate အနေနဲ့ကတော့ Foundation level, Intermediate level, Expert level နဲ့ Master level ဆိုပြီးခွဲထားပါတယ်။ Foundation level ကိုကိုယ်ဖာသာ ဖတ်ပြီးဖြေလို့ရပေမယ့် တခြားအဆင့်တွေကိုတော့ သင်တန်းတက်ပြီးမှဖြေလို့ရပါတယ်။ ဒါကလဲ သဘာဝကျပါတယ်၊ သူ့ရဲ့ ပါဝင်တဲ့အကြောင်းအရာတွေက ဆရာတွေ၊ တခြားလူတွေနဲ့ ဆွေးနွေးပြီးတက်မှသာ နားလည်နိုင်မှာဖြစ်ပြီး အုပ်စုလိုက် Workshop ပုံစံမျိုးသင်ယူရတာတွေလဲပါပါတယ်။ ITIL Master တယောက်ဖြစ်ဖို့ကလဲ အတော်ခက်ပါတယ်။
ITIL မှာအဓိကအားဖြင့် Service Strategy, service design, service transition, service operation နဲ့ continual service improvement ဆိုတဲ့အဓိကခေါင်းစဉ်တွေရှိပါတယ်။ အဲဒီအထဲကမှ Operation သမားအများစုဟာတော့ Service transition, operation နဲ့ CSI လို့ခေါ်တဲ့ Continual service improvement တွေနဲ့သက်ဆိုင်ပါတယ်။ အခုအပေါ်ကပြောခဲ့တဲ့ အခေါ်အဝေါ်တွေဟာ အဲဒီအထဲကဖြစ်ပါတယ်။ CI ဆိုတာကိုတော့ Configuration Item လို့ခေါ်ပါတယ်၊ Operation တစ်ခုအောက်မှာလည်ပတ်နေတဲ့ အရာတွေကို CI တစ်ခုအနေနဲ့သတ်မှတ်လို့ရပါတယ်။ ဥပမာ Router တစ်လုံးဟာလဲ CI ပါပဲ။ CAB ဆိုတာကတော့ Change Advisory Board ကိုဆိုလိုတာဖြစ်ပါတယ်။ Network/System စတာတွေကို Configure လုပ်ဖို့လိုတဲ့အခါ၊ ပြောင်းလဲဖို့လိုတဲ့အခါ CR လိုဆိုတဲ့ Change Request တင်ရပါတယ်၊ ဘယ်အချိန်မှာဘာလုပ်မယ်၊ ဘယ်အဖွဲ့ကလုပ်မယ်၊ ဘယ် CI ကိုပြောင်းလဲမယ် စသဖြင့်ပေ့ါ၊ ပြီးရင်အဆင်မပြေရင် ပြန်ပြောင်းဖို့ Fall back plan တွေလဲ ပါဝင်ဖို့လိုတာပေ့ါ။ ဒါတွေကိုကြည့်ပြီးမှ ခုနကပြောခဲ့တဲ့ CAB အဖွဲ့က လုပ်သင့် မလုပ်သင့် ဆုံးဖြတ်ကြပါတယ်။
DR ဆိုတာကတော့ Disaster Recovery ဆိုတာကိုပြောတာပါ။ IT infrastructure/ Data Centre ဟာ အကြောင်းတခုခုကြောင့် ဖြစ်လာနိုင်တဲ့ပြဿနာတွေကြောင့် Infrastructure တွေကိုထိခိုက်လာရင် လုပ်ငန်းခွင်မထိခိုက်အောင်၊ အလုပ်ဆက်လက်လုပ်ဆောင်နိုင်အောင် DR site တွေထားရှိရပါတယ်။ ပြီးတော့ အဲဒီ DR site ဟာ အမှန်တကယ်ကော အလုပ်လုပ်ရဲ့သလားဆိုတာကို ပုံမှန် စစ်ဆေးနေရပါတယ်။ ဒါမှသာ တကယ်ပြဿနာတက်လာရင် အလုပ်ဖြစ်မှာပေ့ါ။ အဲဒါကို DR Drill လုပ်တယ်လို့ဆိုပါတယ်။ IT အပြင်မှာဆိုရင်တော့ Fire Drill လိုမီးလောင်ရင်ဘာလုပ်မလဲဆိုတာ လေ့ကျင့်ထားတာမျိုး၊ ကိုယ့်ကားရဲ့ စပယ်ရာဘီးကို လေရှိမရှိစစ်ဆေးတာမျိုး၊ ကားဂျိုက်ထောက် ကောင်းမကောင်းစစ်တာ စတာတွေဟာ DR drill တွေလို ကြိုတင်ပြင်ဆင်ထားတာတွေပါပဲ။ ဒါတွေကတော့ BCP လို့ခေါ်တဲ့ Business Continuity Planning ပဲခေါ်ခေါ် ITSCM (IT service continuity management) ပဲဖြစ်ဖြစ် စတဲ့ခေါင်းစဉ်အောက်မှာရှိပါတယ်။
မြန်မာပြည်မှာ ဒါတွေလိုနေပြီလား၊ တကယ်ကောအသုံးဝင်ပါ့မလားဆိုပြီတော့ တစ်ချို့ကလဲမေးချင်မှာပါ။ အခုလိုအပြင်က အဖွဲ့အစည်းတွေဝင်လာတဲ့အချိန်မှာ ဒါတွေဟာ အနှေးနဲ့အမြန်လိုအပ်လာမယ့် အရာတွေဖြစ်ပါတယ်။ MNC လို့ခေါ်လေ့ရှိကြတဲ့ Multinational Corporation တွေအများစုဝင်လာရင်တော့ သေချာပေါက်လိုအပ်လာမယ်လို့ပြောလို့ရပါတယ်။ ဒီ MNC တွေအားလုံးဟာ ITIL framework အတိုင်းအလုပ်လုပ်လေ့ရှိကြတဲ့အတွက် သူတို့ရဲ့ Infra ကိုကိုင်တွယ်မဲ့ ပညာရှင်တွေကို ITIL အကြောင်းနားလည်တဲ့၊ သိတဲ့သူတွေကိုသာ ဦးစားပေးခေါ်ယူနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဥပမာ CCNP သမားချင်းအတူတူ ဆိုရင် ITIL ပါရထားတဲ့သူကပိုပြီးအခွင့်အရေးရပါလိမ့်မယ်။
