MEXT Undergraduate and Postgraduate Scholarship – (April)

အခုတစ်ခေါက်ဝေမျှပေးချင်တဲ့ ပညာသင်ဆုကတော့ MEXT လို့ခေါ်တဲ့ Bachelor, Master နဲ့ Doctoral Degree တွေအတွက် ဂျပန်နိုင်ငံတက္ကသိုလ်များကို စရိတ်ငြိမ်းသွားရောက်သင်ယူနိုင်ဖို့ ဂျပန်အစိုးရက ပေးတဲ့ပညာသင်ဆုဖြစ်ပါတယ်။ ဒီပညာသင်ဆုကိုလျှောက်မယ်ဆိုရင်တော့ ဇွဲရှိရှိနဲ့ သေချာအချိန်ယူ ပြင်ဆင်ဖို့လိုအပ်မှာဖြစ်ပါတယ်။

ဒီပညာသင်ဆုကိုတော့ အခြားပညာသင်ဆု တွေလို Form ဖြည့်ပြီး online ကနေလျှောက်လို့လည်းမရသလို၊ လူတွေ့အင်တာဗျူးကလည်း (၂) ခါဖြေရမှာဖြစ်ပါတယ်။ Selection process ကတော့ ပထမဆုံးအနေနဲ့ သူတို့ခေါ်တဲ့အချိန် ဂျပန်သံရုံးကိုသွားပြီး ဖောင်တွေဖြည့်တင်ထားခဲ့ရမှာဖြစ်ပြီး၊ ရေးဖြေနဲ့နှုတ်ဖြေစာမေးပွဲကိုလည်း ဂျပန်၊ အင်္ဂလိပ် နှစ်ဘာသာလုံးနဲ့ ဖြေရမှာဖြစ်ပါတယ်။

ကိုယ့်ဖြေခဲ့တဲ့ ဂျပန်ဘာသာစကား တက်မြောက်မှုအပေါ် မူတည်ပြီး ရွေးချယ်ခံရတဲ့အခါ တက္ကသိုလ်မှာ ဂျပန်ဘာသာစကားသင်တန်း (၁) နှစ်တက်ရောက်ဖို့လို၊ မလိုဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ (ဆိုတော့ ကိုယ့်အနေနဲ့ ဒီပညာသင်ဆု ကို လျှောက်မယ်ဆိုရင်တော့ ဂျပန်ဘာသာကို လေ့လာထားဖို့အကြံပေးချင်ပါတယ်)။

အဲ့တစ်ဆင့်ကို အရွေးခံရပြီဆိုရင်တော့ ကိုယ်လျှောက်ထားခဲ့တဲ့ တက္ကသိုလ်ကနေဆက်သွယ်လာပြီး ကျောင်းဝင်ခွင့်အတွက် ဆက်လက်ပြင်ဆင်ရပါလိမ့်မယ်။ ဒုတိယအဆင့်မှာတော့ MEXT နဲ့ ကိုယ်လျှောက်ထားခဲ့တဲ့ တက္ကသိုလ်တွေကနေ ကိုယ့်ကိုရွေးချယ်သင့်၊ မသင့် စီစစ်ပြီးမှ တက္ကသိုလ်တက်ရောက်ခွင့်ရ၊ မရကိုဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ဘာကြောင့်ဇွဲရှိရှိပြင်ဆင်ထားဖို့လိုအပ်လဲ ဆိုတာကို သတိပြုမိပြီထင်ပါတယ်။

ဆိုတော့ ဒီပညာသင်ဆုက ဘာတွေထောက်ပံ့ပေးမှာပါလဲ? Undergraduate ရော၊ Postgraduate level အတွက်ရော ကျောင်းကျူရှင်စရိတ်၊ စာမေးပွဲကြေး၊ နေထိုင်စရိတ်၊ ကျောင်းသွားတက်ဖို့ရန် ခရီးအသွားအပြန်စရိတ်၊ ဂျပန်နိုင်ငံအတွင်းသွားလာဖို့စရိတ် စသည်ဖြင့် ကျောင်းပြီးသည်အထိ လစဉ်ထောက်ပံ့ပေးတာဖြစ်ပါတယ်။

သွားရောက်သင်ယူနိုင်တဲ့ ဘာသာရပ်တွေကတော့ Master Level အတွက် မိမိရထားတဲ့ ဘွဲ့နဲ့သက်ဆိုင်တဲ့နယ်ပယ်က ဘာသာရပ်တွေကို လျှောက်ထားနိုင်ပေမဲ့ Bachelor level အတွက်ဆိုရင်တော့ Social Scinces and Humanities (Law, Politics, Pedagogy, Sociology, Literature, History, Japanese Language, Economics, Business Administration ) နဲ့ Natural Sciences ( Science, Electric and Electronic studies, mechanical studies, Civil Engineering and Architecture, Chemical studies, Agricultural studies, Hygienic studies, etc..) စသည်ဖြင့် နယ်ပယ်တော်တော် များများအတွက် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားဖို့အတွက် လိုအပ်ချက်တွေ အနေနဲ့ကတော့ Bachelor level အတွက် High school Diploma (သို့) တက္ကသိုလ် GPA transcript လိုအပ်မှာဖြစ်ပြီး၊ ဂျပန်ဘာသာစကား (သို့) အင်္ဂလိပ်ဘာသာစကား စာမေးပွဲလက်မှတ် တစ်ခုခု တင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ Master level အတွက်လျှောက်ထားချင်တဲ့သူတွေ အနေနဲ့လည်း ဘွဲ့တစ်ခုခု ရထားပြီး ဂျပန် (သို့) အင်္ဂလိပ်ဘာသာစကား တစ်ခုခုရဲ့ လက်မှတ်နဲ့ လျှောက်ထားနိုင်ပါတယ်။

(ဒီပညာသင်ဆုကို လျှောက်မယ်ဆိုရင်တော့ IELTS or TOEFL အမှတ်ရှိနေပေမဲ့လည်း ဂျပန်ဘာသာစကား သင်တန်းတက်ထားဖို့ကို တိုက်တွန်းပါတယ်။) Bachelor Degree အတွက်လျှောက်ထားချင်တဲ့သူတွေအနေနဲ့ April 2, 1997 နောက်ပိုင်းဖွားသူ အသက် (၁၈) နှစ်အထက် ရှိသူဖြစ်ရမှာဖြစ်ပြီး၊ Master Degree အတွက်ဆိုရင် April 2, 1987 ဝန်းကျင်မှာ ဖွားသူ ဖြစ်ရပါမယ်။ ဒီပညာသင်ဆုကိုလျှောက်ထားချင်တဲ့သူတွေအနေနဲ့ သူတို့ခေါ်တဲ့ အချိန် ဂျပန်သံရုံးကို Email နဲ့ဆက်သွယ်ပြီးဖြစ်ဖြစ်၊ ကိုယ်တိုင်သွားရောက်မေး မြန်းပြီးဖြစ်ဖြစ် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
Application periods: April to May

MEXT Scholarship 2022 (Fully Funded) Application Process

January 17, 2022
© Copyright 2022 | Developed By Impulse International.